နည်းပြ ရူဒီ ဂါဆီယာကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ ရှိနေတဲ့ နာပိုလီအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဂရေဟမ် ပေါ်တာကိုပါ စိတ်ဝင်တစားနဲ့ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အီတလီ စီးရီးအေရဲ့ လက်ရှိချန်ပီယံ နာပိုလိအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအပြီး နည်းပြကြီး စပယ်လက်တီနဲ့ လက်တွဲဖြုတ်ခဲ့ရင်း သူ့နေရာမှာ အယ်လ်နာဆာ နည်းပြဟောင်း ဂါဆီယာနဲ့ ပြန်လည် အစားထိုးဖြစ်ခဲ့ပါတယ်။

Photo Credit : Onze Mondial

ရူဒီ ဂါဆီယာက ပုံရိပ်သိပ်မကြီးလှတဲ့ နည်းပြဖြစ်ပေမယ့်လည်း ရိုးမားနည်းပြအဖြစ် (၃)ရာသီအထိ ဆောင်ရွက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားတာမို့ နာပိုလီအနေနဲ့ နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားရာမှာ မဆိုးလှဘူးလို့ ထင်ထားရပေမယ့်လည်း လက်ရှိမှာတော့ အသင်းက ခြေစွမ်းတွေ နဲ့ ရလဒ်ပိုင်းတွေ မတည်မငြိမ် ဖြစ်နေရပါတယ်။

စီးရီးအေ (၈)ပွဲကစားထားပြီးချိန်မှာ နာပိုလီက (၄)ပွဲသာ အနိုင်ရထားခဲ့ပြီး ရှုံးပွဲ (၂)ပွဲနဲ့ သရေပွဲ (၂)ပွဲတောင် ရရှိထားသလို ရှုံးပွဲ (၂)ပွဲဆိုရင်လည်း အိမ်ကွင်းတွေမှာသာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေအပြင် တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်နဲ့ ပြသာနာတွေ ရှိနေတာနဲ့ ခွာရတ်စကယ်လီယာ မနှစ်ကလို ခြေစွမ်းမျိုး ပြန်မပြနိုင်သေးတာက နာပိုလီအတွက် စိုးရိမ်စရာ ဖြစ်နေရပါတယ်။

Photo Credit : We Ain’t Got No Histroy

လက်ရှိမှာတော့ ရလဒ်ဆိုးတွေကြောင့် နာပိုလီအသင်းအနေနဲ့ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့ပြီး ဂါဆီယာကိုလည်း အသင်းကနေ ထုတ်ပယ်သွားချင်နေပါတယ်။ ဒီလို နည်းပြ အပြောင်းအလဲ လုပ်ဆောင်မယ်ဆိုရင် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲကမှ မာဆေးလ် နည်းပြဟောင်း တူဒေါလ် ၊ ရေးဗားပလိတ် နည်းပြဟောင်းတို့အပြင် ဂရေဟမ် ပေါ်တာကိုပါ ထည့်သွင်းထားခဲ့ပါတယ်။

လိုင်ယွန် ရိန်းဂျားစ်အသင်းတို့ရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချထားခဲ့သေးတဲ့ ဘရိုက်တန် ချယ်လ်ဆီး နည်းပြဟောင်း ပေါ်တာဟာ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရချိန် နောက်ပိုင်းကတည်းကနေ ခုထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေရသေးပြီး နာပိုလီသာ ဂါဆီယာကို ထုတ်ပယ်ခဲ့မယ်ဆိုရင် ပေါ်တာလည်း နာပိုလီ နည်းပြသစ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။