ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ နယ်သာလန် ထိပ်သီးကလပ် အေဂျက်က ချယ်လ်ဆီးနဲ့ ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

နယ်သာလန်ရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်တဲ့ အေဂျက်က နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ကို မဆုံးရှုံးရခင် အထိ နယ်သာလန်လိဂ်မှာ မင်းမူနိုင်ခဲ့ပေမယ့် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားချိန်မှာတော့ သူတို့ရဲ့ အောင်မြင်မှုတွေကလည်း တန်ဟက်ဂ်နဲ့အတူ ပါသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အေဂျက်က တန်ဟက်ဂ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် ရှရူဒါ ၊ ဟိုက်တင်ဂါ ၊ စတိုင်ဂျင် ၊ မာဒူရို ၊ ရှချစ်ပ် (လက်ရှိနည်းပြ) စတဲ့ နည်းပြချုပ် ၅ဦး အထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ရလဒ်ပိုင်းတွေက အခုချိန်အထိ ကောင်းမွန်ခြင်း မရှိသေးသလို ယခုတပတ်မှာလည်း အဓိကပြိုင်ဘက် ဖီယင်နုကို ၆-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဖီယင်နုကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အေဂျက်က နယ်သာလန်လိဂ်မှာ အဆင့်(၆)နေရာ အထိ ရောက်ရှိသွားသလို ရာသီကုန်ဖို့ ၅ပွဲသာ ကစားရန် လိုအပ်တော့ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၃)နေရာနဲ့ ရမှတ် ၁၅မှတ် ပြတ်တောက်နေသလို ယူရိုပါလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာနဲ့ ရမှတ် ၇မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ အေဂျက်ရဲ့ တာဝန်ရှိသူတွေက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်မယ့် အရည်အသွေးမြင့် နည်းပြတဦးကို အမြန်ဆုံး ခေါ်ယူ ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီး အေဂျက်က လူငယ်ကစားသမားတွေကို မွေးထုတ်ပေးရာမှာ ထူးချွန်သလို ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ် ပေါ်တာကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ကင်ဆယ်လာရဲ့ ဖော်ပြချက်အရ အေဂျက်ရဲ့ တာဝန်ရှိသူတွေက ဂရေဟမ် ပေါ်တာကို သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို ဂရေဟမ် ပေါ်တာနဲ့ တရားဝင် ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပြီး အေဂျက်က ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။