ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယနေ့မနက် အစောပိုင်းမှာ ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲမှာ ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးချေကာ ခေါ်ယူထားရတဲ့ တောင်ပံ ကစားသမား မူဒရစ်ခ်ကို ပထမပိုင်း အပြီးမှာပဲ လူစားလဲခဲ့တာဟာ မူဒရစ်ခ် တယောက် အအေးမိသွားတာကြောင့် ဖြစ်ကြောင်း ပွဲပြီးချိန်မှာ ရှင်းပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ကစားသမားသစ်တွေ ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မူဒရစ်ခ်တို့ နှစ်ဦးစလုံးကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုကာ ဖူလ်ဟမ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးက ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ညာနောက်ခံလူ ရစ်စီဂျိမ်းစ် အပါအဝင် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုကာ အသင်းရဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် ထင်ထားသလို ဖူလ်ဟမ်ကို အသာစီး ရအောင် မကစားနိုင်ခဲ့သလို ဂိုးမရှိ သရေရလဒ်နဲ့ အိမ်ကွင်းမှာ ရမှတ် ၁မှတ်စီ ခွဲယူခဲ့ရပါတယ်။

ချယ်လ်ဆီး ၀-၀ ဖူလ်ဟမ်ပွဲမှာ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ပထမပိုင်း ပြီးဆုံးချိန်မှာပဲ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မူဒရစ်ခ်ကို လူစားလဲခဲ့ပြီး မူဒရစ်ခ်ဟာ ပထမပိုင်း အတွင်းမှာ ဒဏ်ရာရသွားဟန် မရှိတာကြောင့် ချယ်လ်ဆီး ပရိသတ်တွေက ပေါ်တာဟာ ဘာကြောင့် မူဒရစ်ခ်ကို ပထမပိုင်း အပြီးမှာ လူစားလဲခဲ့တာလဲ ဆိုတာကို သိချင်နေကြပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက မူဒရစ်ခ်ကို ဘာကြောင့် လူစားလဲခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ရပြီး ပေါ်တာက မူဒရစ်ခ်ဟာ အအေးမိသွားတာကြောင့် အခုလိုမျိုး လူစားလဲခဲ့ရတာပါလို့ ရှင်းပြသွားခဲ့ပါတယ်။

ပေါ်တာက – “မူဒရစ်ခ်က ဒီတပတ်ထဲမှာတင် အကြီးအကျယ် အအေးမိထားတာပါ။ ဒါကြောင့် ပထမပိုင်း အပြီးမှာ သူက ခြေထောက်တွေ အတော်လေး လေးလံနေတာကို ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့က သူနဲ့ ပတ်သတ်ပြီး စွန့်စားမှုတွေ လုပ်ချင်စိတ် မရှိပါဘူး။ ဒါကြောင့်ပဲ မာဒူအက်ခီနဲ့ လူစားလဲခဲ့တာ ဖြစ်ပြီး မာဒူကလည်း အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အတွက် အပေါင်းလက္ခဏာ ဆောင်ခဲ့တဲ့ ကိစ္စပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။