ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းဟာ သရေတမှတ်နဲ့သာ ထိုက်တန်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၃၀၀သန်း ဝန်းကျင် အထိ သုံးစွဲကာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပေမယ့် နည်းပြအပြောင်းအလဲကြောင့် သူတို့အသင်းရဲ့ ကစားပုံဟာ တိုးတက်သင့်သလောက် မတိုးတက်လာသလို ဂရေဟမ် ပေါ်တာရဲ့ လက်ထက်မှာ ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းက သိသိသာသာ ကစားအား ကျဆင်းသွားခဲ့ပါတယ်။

Photo Credit: Squawka

ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ ချယ်လ်ဆီးတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ချယ်လ်ဆီးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ အသာစီး ရအောင် မကစားနိုင်ခဲ့သလို တပွဲလုံးမှာ ဂိုးပေါက်တည့် ကန်ချက် ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ချယ်လ်ဆီးအတွက် သွင်းဂိုးကို ပွဲချိန် ၁၆မိနစ်မှာပဲ စတာလင်းက သွင်းယူပေးခဲ့တာ ဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ် အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၃မိနစ်မှာ အော်ရီယာက သွင်းယူပေးသွားခဲ့တာပါ။ နော်တင်ဟမ် ဖောရက်စ် ၁-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပေါ်တာက သူတို့အသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ယူနိုင်စွမ်း မရှိခဲ့ကြောင်းနဲ့ သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Squawka

ပေါ်တာက – “ဒုတိယပိုင်းမှာ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ကစားပုံကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့က ချေပဂိုး ပြန်ခွင့်ပြုခဲ့ရတာပေါ့။ ဒုတိယပိုင်းမှာ ကျွန်တော်တို့က အူဘာမီယန်း အတွက် အခွင့်အရေး ၁ကြိမ် ဖန်တီးပေးနိုင်ခဲ့တာကလွဲရင် ကျန်တာ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့သာ အနိုင် ၃မှတ် ရသွားခဲ့ရင် ဒါဟာ မမျှတတဲ့ ရလဒ်တခုလို့ ပြောရမယ် ထင်ပါတယ်။ ကျွန်တော်တို့က သေချာ ပြင်ဆင်လာခဲ့တဲ့ အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး ခက်ခဲတဲ့ ရမှတ် ၁မှတ်ကို ရယူနိုင်ခဲ့တာပါ။ ကျွန်တော်က နော်တင်ဟမ် ဖောရက်စ်ရဲ့ ကြိုးစား အားထုတ်မှုကို ချီးကျူးချင်ပါတယ်။ သူတို့က ပရိသတ်အားကို အသုံးချပြီးတော့ ကျွန်တော်တို့ကို ဖိအားပေးသွားခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။