ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ ရှိရင်းစွဲ ကစားသမားတွေကို မရောင်းချပဲ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူခဲ့တဲ့ အသင်းပိုင်ရှင် တော့ပ် ဘိုလေရဲ့ လုပ်ရပ်အတွက် စိတ်ပျက်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးကို သွေးသစ်လောင်းဖို့ အတွက် ငွေကြေး အလုံးအရင်း သုံးစွဲခဲ့ပြီး ဘိုလေက ပေါင် ၅၀သန်း ဝန်းကျင် အထိ အကုန်အကျခံကာ နည်းပြဟောင်း တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ပြီး ပေါ်တာကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့သလို နောက်ထပ် ပေါင် ၇၅၀သန်း ဝန်းကျင် သုံးစွဲကာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူထားပါတယ်။

Photo Credit: Metro

တော့ပ် ဘိုလေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ စတာလင်း ၊ ဘာဒစ်ရှီလာ ၊ ချူကွေမီကာ ၊ ကူလီဘလီ ၊ ဖိုဖာနာ ၊ ကူကူရယ်လာ ၊ အူဘာမီယန်း ၊ ဇာကာရီယာ (အငှား) စတဲ့ စီနီယာ ကစားသမားတွေကို ခေါ်ယူခဲ့သလို ဆောင်းဈေးကွက် အတွင်းမှာလည်း ဖိုဖာနာ ၊ မူဒရစ်ခ် ၊ အန်ဇို ဖာနန်ဒက်ဇ် ၊ မာဒူအက်ခီ ၊ ဂတ်စတို ၊ ဂျာအို ဖီးလစ် (အငှား) စတဲ့ ကစားသမားတွေကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။

ချယ်လ်ဆီးက ကစားသမားသစ်တွေကို ဆက်တိုက် ခေါ်ယူခဲ့ပေမယ့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ပြန်မရောင်းထုတ်နိုင်ခဲ့တာကြောင့် လက်ရှိမှာ ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့က စုစုပေါင်း ကစားသမား  ၃၁ဦးကို တာဝန်ယူ ကိုင်တွယ်နေရပြီး ဂရေဟမ် ပေါ်တာက ကစားသမား ဖောင်းပွမှု အပေါ် စိတ်ပျက်နေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂရေဟမ် ပေါ်တာက တော့ပ် ဘိုလေရဲ့ ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူခဲ့တဲ့ လုပ်ရပ်ကို မနှစ်မြို့ပဲ တော့ပ် ဘိုလေရဲ့ လုပ်ရပ်ကြောင့် သူက ကစားသမား များစွာကို တာဝန်ယူ ကိုင်တွယ်နေရသလို ကစားသမား ဖောင်းပွနေခြင်းကြောင့် အသင်းတွင်းမှာ စည်းလုံးမှု ပြိုကွဲနေတာလို့ ရှုမြင်နေကြောင်း သိရပါတယ်။