ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၁-၁ ချယ်လ်ဆီး ပွဲစဉ်မှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဆူချက်က ဂိုးဧရိယာ အတွင်း ဘောလုံးကို လက်နဲ့ တားခဲ့ပေမယ့် သူတို့အသင်းက ပင်နယ်တီ မရခဲ့လို့ အံ့ဩမိကြောင်းနဲ့ ဆူချက်ရဲ့ ကာကွယ်မှုက အတော်လေး ကောင်းကြောင်း ပွဲအပြီးမှာ အရွဲ့တိုက်ကာ ပြောကြားသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အဖြစ် ဝက်စ်ဟမ်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ လန်ဒန်ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက ခြေရည်တူ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။

Photo Credit: 90 Min

ဝက်စ်ဟမ်း ၁-၁ ချယ်လ်ဆီး ပွဲစဉ်မှာ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ကစားသမားသစ်တွေ ဖြစ်တဲ့ ဂျာအိုဖီးလစ် ၊ အန်ဇို ဖာနန်ဒက်ဇ် ၊ မူဒရစ်ခ် ၊ မာဒူအက်ခီ စတဲ့ ကစားသမားတွေ အားလုံးကို ပွဲထွက် လူစာရင်းထဲ ထည့်သွင်းကာ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ကစားပုံဟာ ထင်ထားသလောက် အားရစရာ မကောင်းပါဘူး။

တဖက်မှာတော့ ဝက်စ်ဟမ်းက သူတို့ရဲ့ ပုံမှန် ကစားနေကြ ကစားသမား စာရင်းအတိုင်းသာ ပွဲထွက်လာခဲ့တာကြောင့် အသင်းလိုက် ကစားအားနဲ့ တဦးပေါ် တဦး နားလည်မှုတို့မှာ ချယ်လ်ဆီးထက် ပိုသာနေခဲ့ပြီး ချယ်လ်ဆီးကတော့ အရည်အသွေးမြင့် ကစားသမားတွေရဲ့ တဦးကောင်း ကစားမှုတွေကိုသာ အားကိုးနေခဲ့ရပါတယ်။

ပွဲချိန် ၁၆မိနစ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ လှပတဲ့ ဖြတ်တင်ပေးမှုကို ဖီးလစ်က အလိုက်သင့် ပြေးထွက်ကာ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဝက်စ်ဟမ်းကတော့ အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ချေပဂိုး ရဖို့ တရစပ် ပြန်လည် တိုက်စစ်ဆင်ခဲ့တာကြောင့် ပွဲချိန် ၂၈မိနစ်မှာပဲ ချယ်လ်ဆီး ကစားသမားဟောင်း အီမာဆန်က ဝက်စ်ဟမ်း အတွက် အဖိုးတန် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အပိုင် ဂိုးသွင်းခွင့်တွေ မယ်မယ်ရရ မရခဲ့ကြပဲ ပွဲချိန် ၈၃မိနစ်မှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဆူချက်က သွင်းဂိုး ၁ဂိုး သွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၈၈မိနစ်မှာ ချယ်လ်ဆီး ကွင်းလယ်လူ ဂါလက်ချာရဲ့ ကန်သွင်းချက်က ဆူချက်ရဲ့ လက်နဲ့ ထိသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင် ပေါဆန်က ချယ်လ်ဆီးကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ပွဲက သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ဆူချက်ရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးခဲ့မှု အတွက် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။ ပေါ်တာက – “ဒါက အတော်လေး ကောင်းတဲ့ ကာကွယ်မှုပါပဲ။ (ရွဲ့ပြောခြင်း) တခါတလေ ဂိုးသမား တယောက်ရဲ့ ကာကွယ်မှု ကနေ တဆင့် ရမှတ်တွေ ရတတ်ပါတယ်။ တကယ်လို့ ကွင်းလယ်ဒိုင်ကသာ ဒီအဖြစ်အပျက်ကို ပင်နယ်တီ အဖြစ် ခွင့်ပြုပေးခဲ့ရင် ဘယ်သူကမှ ကန့်ကွက်မယ် မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ပင်နယ်တီ မရခဲ့ပါဘူး။ တခါတလေ ကျွန်တော်တို့က ကံကောင်းဖို့ လိုပါတယ်။ ကျွန်တော်တို့က ဒီအဖြစ်အပျက် အတွက် စောဒကတက်လို့ မရသလို ကံကောင်းအောင် စောင့်နေလို့လည်း မရပါဘူး။ ဒါကြောင့် ကိုယ်တိုင် နိုင်ပွဲတွေ ရအောင် ကြိုးစား အားထုတ်ဖို့ လိုပါတယ်။ ဒီဖြစ်ရပ်က လက်ထိဘောပါ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ ဆူချက် တယောက် အခုလိုမျိုး လှဲချပြီး ဘောလုံးကို ကာကွယ်နိုင်မယ် ဆိုတာ ကြိုမသိခဲ့ဘူးဗျာ (ရွဲ့ပြောခြင်း)” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။