ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးဟာ သူ့ကို ရေရှည်စီမံကိန်း တခုကို ကိုင်တွယ်စေချင်တာကြောင့် ကာလရှည် စာချုပ် ချုပ်ဆိုထားပေမယ့် အကယ်၍ သူကသာ ရလဒ်ကောင်းတွေ ရအောင် မယူနိုင်ခဲ့ရင် ချယ်လ်ဆီး ကနေ ထွက်ခွာရနိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက ယခုနှစ် ဘောလုံးရာသီ အစမှာ သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဘရိုက်တန်ကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တဲ့ ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို စုစုပေါင်း ပေါင် ၄၀သန်း နီးပါး အကုန်အကျ ခံကာ ခေါ်ယူခဲ့သလို ဂရေဟမ် ပေါ်တာကိုလည်း ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် တော့ပ် ဘိုလေက ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၇၀၀သန်းကျော် အသုံးပြုကာ ချယ်လ်ဆီးအတွက် ကစားသမားသစ်တွေ ဝယ်ယူပေးခဲ့ပြီး များပြားလှတဲ့ ပြောင်းရွှေ့ကြေးတွေကို သုံးကာ ထိပ်တန်း ကစားသမားတွေကို ဝယ်ယူပေးခဲ့တာကြောင့် ပေါ်တာက ချယ်လ်ဆီးအတွက် ရလဒ်ကောင်းတွေ မဖြစ်မနေ ရယူပေးနိုင်ဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် ပေါ်တာရဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ပွဲမှာ ၂ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၆ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၉နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးက ဒီအတိုင်းသာ ရလဒ်တွေ ဆက်ဆိုးနေမယ် ဆိုရင် ချယ်လ်ဆီးပိုင်ရှင် ဘိုလေဟာ ပေါ်တာကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပေါ်တာကလည်း ရေရှည်စီမံကိန်း အတွက် အလုပ်လုပ်နေရပေမယ့် ရလဒ်တွေ မကောင်းရင် ရာထူးမြဲဖို့ မသေချာကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ပေါ်တာက – “ဒီဘောလုံးလောကထဲမှာ ရေရှည် ဆိုတဲ့ စကားလုံး မရှိပါဘူး။ ခင်ဗျားက ရေရှည်စီမံကိန်း တခုကို ပုံဖော်နေရတယ် ဆိုရင်တောင် ရေတိုနဲ့ ကြားကာလတွေမှာ ရလဒ်ကောင်းတွေ ရအောင် လုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံးက အနိုင်ရလဒ်တွေကိုပဲ လိုချင်ကြသူတွေပါ။ ကျွန်တော်တို့ရော ၊ ပရိသတ်တွေရော နိုင်ပွဲတွေ လိုချင်ပါတယ်” လို့ ဖွင့်ဟ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။