တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြသစ် ပိုစတီကိုဂလူးက လက်ရှိမှာ အသင်းရဲ့ အရေးပါလှတဲ့ အထောင် တိုက်စစ်မှူး ဟယ်ရီကိန်းနေရာမှာ ကိန်းရဲ့ အသင်းဖော် ဆွန်ဟောင်မင်ကို ပြောင်းလဲ အသုံးပြုသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

စပါးရဲ့ ဂိုးသွင်းစက်ကြီးဖြစ်တဲ့ ဟယ်ရီကိန်းက အခုအခါမှာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးသွားပြီဖြစ်ပြီး စပါးကလည်း ကိန်းရဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့အတွက် တောင်ကိုရီးယား ကစားသမား ဆွန်ကို အထောင် တိုက်စစ်နေရာ ပြောင်းလဲ အသုံးပြုဖို့ ရှိနေပါတယ်။

Photo Credit : Spurs Web

“ဆွန်က ST(Striker) နေရာအတွက် ရွေးချယ်စရာ ဖြစ်လာနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါက ငြင်းလို့ မရပါဘူး။ ကျွန်တော် ဆွန့်ကို အချိန် အတော်ကြာကတည်းက သိနေခဲ့ပြီး သူရဲ့ ကစားသမားဘဝ တိုးတက်လာမှုကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။”

“အထူးသဖြင့် ဆွန်က ကျွန်တော်တို့ရဲ့ ကစားဟန်နဲ့အတူ အထောင် တိုက်စစ်နေရာမှာ ကစားနိုင်တယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။ နည်းပြတွေက သူတို့ရဲ့ အသင်းတွေကို ပြန်လည် ဖွဲ့စည်းဖို့ နည်းလမ်း အမျိုးမျိုး ရှိတတ်ကြတယ်။”

Photo Credit : Youtube

“အခြားအသင်းတွေမှာဆိုရင် ဆွန်နီကို အထောင် တိုက်စစ် နေရာက ဘယ်လိုမှ ထားကစားလို့ ရနိုင်မှာ မဟုတ်ဘူးဆိုတာ မြင်နိုင်ပေမယ့် ကျွန်တော်တို့ ကစားမယ့် ပုံစံ ကျွန်တော်တို့ ကစားပုံနဲ့သာဆိုရင်တော့ ဆွန်နီဟာ အထောင် တိုက်စစ်မှူးအဖြစ် ရွေးချယ်စရာ ကစားသမားတစ်ဦးလို့ ကျွန်တော် မြင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဟယ်ရီကိန်း အသင်းကနေ ထွက်ခွာသွားပြီးနောက် သူ့့နေရာမှာ ဆွန်ဟောင်မင်ရော ရစ်ချာလီဆန်ပါ ကစားနိုင်သလို အခု အသစ် ခေါ်ယူထားတဲ့ အလီဟို ဗယ်လစ်ဇ်ကလည်း တိုက်ရိုက် အစားဝင်နိုင်တယ် ဆိုပေမယ့် ဈေးကွက်မပိတ်ခင်မှာတော့ Striker တစ်ဦးခန့် ထပ်မံ ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။