မနေ့ညက ယူရိုပါလိဂ် ဆုဖလားကို ဆွတ်ခူးပြီးနောက် တော့တင်ဟမ် ဟော့စပါးနည်းပြ အန့်ဂျ် ပိုစတီကိုဂလူးက ပရီးမီးယားလိဂ်မှာ အဆင့်ကောင်းကောင်းနဲ့ ရာသီသိမ်းနိုင်ရုံနဲ့ အသင်းကို ပြောင်းလဲစေမှာမဟုတ်ဘဲ ဆုဖလားရမှသာ အသင်းကို အမှန်တကယ် ပြောင်းလဲစေနိုင်မှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ဘီလ်ဘာအိုမြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ယူပြီး (၁၇)နှစ်ကြာ ဆုဖလားနဲ့ ဝေးကွာနေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း အရယူနိုင်ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၁၇)နေရာအထိ ရောက်ရှိနေတဲ့ စပါးအသင်းအတွက် အတော်လေး ခက်ခဲကြမ်းတမ်းတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် ဒီယူရိုပါလိဂ်အောင်ပွဲကတော့ သူတို့အသင်းအတွက် ထူးထူးခြားခြား ကယ်တင်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Photo Credit : BBC

ဩစတြေးလျလူမျိုး နည်းပြကြီးဟာ ဘောလုံးရာသီအစောပိုင်းကတည်းက သူတာဝန်ယူတဲ့ ကလပ်အသင်းတိုင်းရဲ့ ဒုတိယရာသီမှာ ဆုဖလားအမြဲရယူနိုင်လေ့ရှိကြောင်း ပြောဆိုခဲ့ဖူးတာကြောင့် အခု ယူရိုပါလိဂ်ဆုဖလားကို ရယူပေးဖို့ သူ့အပေါ်မှာ ဖိအားတွေ ပိုမိုကြီးမားခဲ့ပါတယ်။ အခုတော့ အဲ့ဒီ စွဲမက်ဖွယ်ကောင်းတဲ့ ကိုယ်ပိုင်စံချိန်ကို ပိုစတီကိုဂလူးက ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ၁၉၉၇-၉၈ မှာ ဆောက်မဲလ်ဘုန်းအသင်းနဲ့ National Soccer League၊ ၂၀၁၁-၁၂ မှာ ဘရစ္စဘိန်းရိုးအသင်းနဲ့ A-League ၂၀၁၉ မှာ ယိုကိုဟားမား အက်ဖ်မာရီနို့စ်အသင်းနဲ့ J1 League၂၀၂၂-၂၃ မှာ ဆဲလ်တစ်အသင်းနဲ့ စကော့တစ်ရှ် ပရီးမီးယားလိဂ် စကော့တစ်ရှ်ဖလားနဲ့ စကော့တစ်ရှ်လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပြီး အခု ၂၀၂၄-၂၅ ယူရိုပါလိဂ် ဆုဖလားကိုပါ သူ့ရဲ့အောင်မြင်မှုစာရင်းထဲ ထပ်မံဖြည့်စွက်နိုင်ခဲ့ပါတယ်။

စက်တင်ဘာလက သူပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ပိုစတီကိုဂလူးက “လူတွေက ကျွန်တော့်စကားကို အဓိပ္ပာယ်လွဲခဲ့ကြတယ်။ ဒါက ကြွားဝါတာမဟုတ်ပါဘူး၊ ကျွန်တော်ယုံကြည်တဲ့အတိုင်း ကြေညာခဲ့တာပါ။ တခြားအရာတွေထက် ဒီစိတ်က ကျွန်တော့်ရင်ထဲမှာ အရှိဆုံးပဲ။ ကျွန်တော်တို့ရဲ့ လိဂ်ခြေစွမ်းက လက်ခံနိုင်စရာမရှိမှန်း သိပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၃)ရရုံနဲ့ ဒီဘောလုံးအသင်းကို ပြောင်းလဲစေမှာမဟုတ်ဘူး။ ဆုဖလားရမှသာ ပြောင်းလဲနိုင်မှာ။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပဲ။ တကယ်လို့ မဖြစ်ခဲ့ရင်လည်း ကျွန်တော်ခံယူဖို့ အသင့်ပါပဲ။”

Photo Credit : Sky Sports

“ပန်းတိုင်နဲ့ နီးကပ်လာလေလေ လူတွေက ကျွန်တော့်ကို ဒီအကြောင်း ထပ်ခါထပ်ခါ သတိပေးနေကြတယ်။ ဒါပေမဲ့ ကျွန်တော်အဲ့ဒါကို ပျော်ပါတယ်။ ရှုံးထွက်ပွဲစဉ်တွေက လိဂ်ပွဲတွေနဲ့ ကွာခြားတယ်လို့ ကျွန်တော်အမြဲခံစားရတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ စနစ်တကျဖွဲ့စည်းမှု၊ တိကျတဲ့ကစားကွက်နဲ့ အခိုက်အတန့်တွေက အရေးကြီးလာတယ်။ ခိုင်မာတဲ့ အခြေခံရှိရင် အဲ့ဒီ အခိုက်အတန့်တွေကို လျှော့ချနိုင်ပါတယ်။ ကျွန်တော်တို့အသင်းကို ချိုးဖျက်ဖို့ တကယ် ခက်ခဲလိမ့်မယ်လို့ ခံစားမိခဲ့တယ်။ဓ

ဓကစားကွက် အကူးအပြောင်းတွေမှာ ပိုကောင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ဦးဆောင်ဂိုးရခဲ့ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှု အများစုကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်မှုရှိခဲ့တယ်။ ကျွန်တော် အခုထိ အောင်ပွဲကို ခံစားနေတုန်းပါပဲ။ ဒီဆုဖလားက ဒီဘောလုံးအသင်းအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလဲဆိုတာ ကျွန်တော်သိပါတယ်။ အချိန်ကြာလာလေလေ ဒီသံသရာကို ချိုးဖျက်ဖို့ ခက်လေလေပါပဲ။ အသင်းမှာရှိတဲ့ လူတိုင်းရဲ့ စိတ်လှုပ်ရှားမှုကို ကျွန်တော် ခံစားမိတယ်။ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို ချနိုင်တဲ့အထိ ဘယ်လိုခံစားရလဲဆိုတာ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ လူငယ်ကစားသမား အုပ်စုရှိတယ်။ ဒီအရသာကို မြည်းစမ်းခွင့်ရတဲ့အတွက် ကစားသမားတွေက သူတို့ကိုယ်သူတို့အပေါ် ခံစားချက် ပြောင်းလဲသွားပြီး ဒါက သူတို့အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတယ်ဆိုတာ မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။