ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက သူတို့အသင်းဟာ လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ခံစစ်ပိုင်းမှာ ရိုမဲရိုး ၊ ဗန်ဒီဗန် ၊ အဲရစ် ဒိုင်ယာ ၊ အက်ရှလေ ဖိလစ် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် အက်ရှလေ ဖိလစ်က ဒဏ်ရာရနေသလို ဒိုင်ယာရဲ့ ခြေစွမ်းကလည်း အတော်လေး ကျဆင်းနေတာကြောင့် ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ နှစ်ဦးထဲသာ ဒေါင်ဒေါင်မြည် ခံစစ်မှူးတွေ အဖြစ် ရှိနေပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ပိုစတီဂိုဂလူက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေရချိန်မှာ အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်ချင်နေသလို စပါးရဲ့ တာဝန်ရှိသူတွေကလည်း ပိုစတီဂိုဂလူရဲ့ စွမ်းဆောင်ရည်နဲ့ ဦးဆောင်နိုင်စွမ်းကို သဘောကျတာကြောင့် ပိုစတီဂိုဂလူရဲ့ တောင်းဆိုမှုတွေ အားလုံးကို လိုက်လျောဖို့ ဆုံးဖြတ်ထားပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပိုစတီဂိုဂလူက သူတို့အသင်းဟာ လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူမယ့် အကြောင်း အတည်ပြု ပြောကြားသွားခဲ့သလို သူတို့ရဲ့ ခံစစ်ကြောင်းဟာ အတော်လေး စိုးရိမ်စရာ ကောင်းနေကြောင်း ဆိုလာပါတယ်။

Photo Credit: The Times

ပိုစတီဂိုဂလူက – “ကျွန်တော်တို့က ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ ကျွန်တော်တို့က ခံစစ်ကြောင်းမှာ ဘာတွေဖြစ်လာမလဲ ဆိုပြီး စိုးရိမ်နေရလို့ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ စပါးက အဲဗာတန် ဗဟိုနောက်ခံလူ ဘရန့်ဝိတ်တီ ၊ ခရစ္စတယ် ပဲလေ့စ် ဗဟိုနောက်ခံလူ ဂွီဟီနဲ့ နိုက်စ်ဗဟိုနောက်ခံလူ တော်ဒီဘိုးတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အဆိုပါ ကစားသမား ၃ဦးအနက် ဂွီဟီဟာ စပါးအတွက် အလွယ်ကူဆုံးပစ်မှတ်ပဲ ဖြစ်ပါတယ်။