ဖရန့်ဖတ်အသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အပြီး ဂိုးပေါက်ရှေ့မှာ သူ့အသင်းရဲ့ ကံမကောင်းမှုအတွက် တော့တင်ဟမ် ဟော့စပါးအသင်းနည်းပြ အန်ဂီ ပိုစတီကိုဂလူးက စိတ်မချမ်းမသာ ဖြစ်ခဲ့ရပြီး ညည်းညူပြောဆိုလာခဲ့ပါတယ်။

ကြာသပတေးနေ့က ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ ဖရန့်ဖတ်က ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် စပါးအသင်းက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးအသင်းဟာ ဒုတိယအကျော့ပွဲစဉ်အတွက် ဂျာမနီကို အသာစီးနဲ့ သွားရောက်နိုင်မယ့် အခွင့်အရေးတွေကိုတော့ လွဲချော်ခဲ့ပါတယ်။ ဘက်ဂ်ဗယ်လ်နဲ့ ဘန်တန်ကာတို့ရဲ့ ကန်ချက်တွေ ဂိုးပေါက်နဲ့ လွဲချော်ခဲ့သလို ဖရန့်ဖတ်ဂိုးသမား ကော်အာ ဆန်းတို့စ်ကလည်း လက်စွမ်းကောင်းမွန်ခဲ့ပြီး ပွဲပြီးခါနီး ဗန်ဒီဗန်ရဲ့ အပိုင်ကန်သွင်းမှုကိုပါ ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit : The Irish News

ဒီရလဒ်ကြောင့် စပါးအသင်းဟာ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ ဂျာမနီမှာ အနိုင်ရရှိဖို့ လိုအပ်ပြီး ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ စပါးပရိသတ်တွေအတွက် စိတ်ပျက်စရာတွေ ပိုလာပါတယ်။ အသင်းရဲ့ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်မှာ အဆင့်နိမ့်ကျနေတာကြောင့် အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရတဲ့ ပိုစတီကိုဂလူးကတော့ သူ့အသင်း နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ပေမယ့် ဒီရာသီမှာ ဘောလုံးနတ်ဘုရားတွေက သူတို့ဘက်မှာ မရှိဘူးလို့ ခံစားနေရပါတယ်။

ပိုစတီကိုဂလူးက သတင်းထောက်တွေကို “ဒီနှစ်မှာ ဘောလုံးနတ်ဘုရားတွေက တခြားကို ကြည့်နေတယ်ဆိုတဲ့ အချက်ကို ကျွန်တော် လက်ခံလိုက်ပါပြီ။ သူတို့က တခြားအသင်းတွေနဲ့ တခြားနည်းပြတွေနဲ့ အလုပ်များနေပုံရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘာပဲရရ ဒီနှစ်မှာ သူတို့မပါဘဲ လုပ်ဆောင်ရမှာပါ။ နောက်တစ်ပတ်မှာ အဲဒါကို ထပ်လုပ်နိုင်မယ်ဆိုရင် မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အခွင့်အရေးကောင်းတစ်ခု ပေးနိုင်ပါလိမ့်မယ်။”

Photo Credit : Goal

“ကျွန်တော်တို့ရဲ့ ဘောလုံးကစားဟန် ကျွန်တော်တို့ရဲ့ ပြေးလွှားမှုနဲ့ ကျွန်တော်တို့ရဲ့ ဖိအားပေးမှုတွေနဲ့ သူတို့ကို လုံးဝ လွှမ်းမိုးနိုင်ခဲ့တယ်လို့ တကယ်ခံစားမိပါတယ်။ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေတင်မကဘူး ကျွန်တော်တို့ ဖန်တီးလုနီးပါးဖြစ်ခဲ့တဲ့ အခွင့်အရေးတွေလည်း ပါပါတယ်။ ဒီရာသီက ဒီလိုမျိုးပဲ ဖြစ်လာမှာပါ။ ဘာမှ ကျွန်တော်တို့ဆီကို အလွယ်တကူ ရောက်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီကို သွားပြီး ဒီည ကျွန်တော်တို့ ရသင့်တယ်လို့ ထင်ခဲ့တာကို ရယူဖို့ တိုက်ပွဲဝင်ရမှာဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ သူက ဆိုပါတယ်။

စပါးအသင်းဟာ ဖရန့်ဖတ်နဲ့ ဒုတိယအကျော့ပွဲစဉ်အတွက် ဂျာမနီကို မထွက်ခွာခင် တနင်္ဂနွေနေ့မှာ ဝုလ်ဗ်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဖရန့်ဖတ်နဲ့ စပါးတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘိုဒယ်ဂလင့် ဒါမှမဟုတ် လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။