တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန့်ဂျ် ပိုစတီဂိုဂလူးက ဒီနေ့ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ ကွင်းလယ်လူ ဘစ်ဆူးမားတို့ ပြန်လည် ပါဝင်လာနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းဟာ ဒီကာလအတွင်းမှာ ကျင်းပလျက်ရှိနေတဲ့ အာရှဖလားပြိုင်ပွဲနဲ့ အာဖရိကဖလားပြိုင်ပွဲတွေအတွက် ဆွန်ဟောင်မင် ဘစ်ဆူးမားနဲ့ ပါပါဆားတို့ကို သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ အသီးသီး စေလွှတ်ခဲ့ရပါတယ်။

Photo Credit : Sky Sports

အရင်ဆုံး စပါးအသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်တဲ့ ကစားသမားက ပါပါဆားဖြစ်ပြီး အခုတော့ ဆွန်ဟောင်မင် နဲ့ ဘစ်ဆူးမားတို့ပါ သူတို့ သက်ဆိုင်ရာ နိုင်ငံအသင်းတွေကနေ စပါးအသင်းနဲ့ ပြန်ပူးပေါင်းနေပြီဖြစ်လို့ လာမယ့် ဘရိုက်တန်နဲ့ပွဲကိုပါ ပါဝင်လာနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။

ဒီလို အသင်းရဲ့ အဓိက ကစားသမားတွေကို ပြန်ရလိုက်တာနဲ့ ပတ်သက်ပြီး နည်းပြ ပိုစတီဂိုဂလူးက “သူတို့ (၃)ယောက်လုံး ပြန်ရလိုက်တာ အရမ်းကောင်းပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ ပြိုင်ပွဲတွေက စောစောစီးစီး ပြန်လာခဲ့ရပေမယ့် ဒါက ကျွန်တော်တို့အတွက် အကျိုးခံစားခွင့်တွေပါ။”

Photo Credit : Super Sports

“ဘစ်ဆူးမားကတော့ အားလုံးထဲမှာ ခရီးရှည်ကြီး သွားခဲ့ရတယ် ဆိုပေမယ့်လည်း သူတို့နှစ်ဦးစလုံးက ဒီကနေ့အှာ လေ့ကျင့်ခန်းတွေ ကောင်းကောင်းမွန်မွန် ဆင်းနေကြပါတယ်။” လို့ ပိုစတီဂိုဂလူးက ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းဟာ ဒီနေ့မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းတွင် ဧည့်ခံသွားရမှာဖြစ်ပြီး ဘရိုက်တန်ရဲ့ကွင်းမှာ ကစားခဲ့စဉ်တုန်းကတော့ (၄)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ရသလို နောက်ဆုံးကစားထားတဲ့ အဲဗာတန်နဲ့ပွဲမှာလည်း ပွဲပြီးခါနီး ချေပဂိုးနဲ့ အမှတ်ဆုံးရှုံးထားရတာကြောင့် အခုပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်နေပါတယ်။