ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ဧည့်သည် ချယ်လ်ဆီးကို ၁-၄ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် အနီကတ်တွေကြောင့် ဂိုးပြတ်ရှုံးပွဲတွေနဲ့ ကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားသွားခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် အိမ်ကွင်းမှာ ချယ်လ်ဆီးကို ဧည့်ခံ ကစားခဲ့ရပြီး လန်ဒန်ဒါဘီပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းပြီး အနိုင်ရလဒ် ရရှိရေး အတွက် ဦးတည် ကစားခဲ့ကြပါတယ်။

Photo Credit: Squawka

အဆိုပါပွဲမှာ စပါးက ပွဲချိန် ၆မိနစ်မှာတင် တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီးရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့သလို ပွဲချိန် ၁၄မိနစ်မှာလည်း အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က နောက်ထပ် တဂိုး ထပ်သွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် သွင်းဂိုးတော့ မရခဲ့ပါဘူး။

စပါးက ပွဲချိန် ၁၅မိနစ် ဝန်းကျင် အထိ ချယ်လ်ဆီးကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ၁၅မိနစ် နောက်ပိုင်းမှာ ချယ်လ်ဆီးရဲ့ ကစားပုံ တိုးတက်လာခဲ့ပြီး ပွဲချိန် ၂၃မိနစ်နဲ့ ၂၇မိနစ်တွေမှာ ချယ်လ်ဆီး ကစားသမားတွေ ဖြစ်တဲ့ စတာလင်းနဲ့ ကိုင်စီဒိုတို့က သွင်းဂိုးတွေ အသီးသီး သွင်းခဲ့ကြပေမယ့် ဂိုးအဖြစ် မသတ်မှတ်ခံခဲ့ရပါဘူး။

ဒါပေမယ့် ကိုင်စီဒိုရဲ့ သွင်းဂိုးမှာ စပါးနောက်ခံလူ ရိုမဲရိုးက ချယ်လ်ဆီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ဂိုးဧရိယာ အတွင်းမှာ အန္တရာယ် ရှိတဲ့ ဖျက်ထုတ်မှုမျိုး လုပ်ခဲ့တာကြောင့် ရိုမဲရိုးဟာ တိုက်ရိုက် အနီကတ် ထိခဲ့သလို ပင်နယ်တီပါ ခွင့်ပြုပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ပါလ်မာက အကောင်းဆုံး ကန်သွင်းကာ ချယ်လ်ဆီးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

တဖက် တဂိုးစီ သရေကျပြီးနောက် တယောက်လျော့သွားတဲ့ စပါးက ခံစစ်ပိုင်းကို ဦးစားပေး ကစားခဲ့ရပြီး ပွဲချိန် ၅၅မိနစ်မှာ စပါး ဘယ်နောက်ခံလူ အူဒိုဂီက နှစ်ဝါ တနီနဲ့ ထပ်ထွက်ခဲ့ရတာကြောင့် အိမ်ရှင် စပါးဟာ မိနစ် ၄၀ ဝန်းကျင် ၉ယောက်ထဲနဲ့ ခံကစားခဲ့ရပါတယ်။ ၉ယောက် ၊ ၁၁ယောက် ဖြစ်သွားချိန်မှာတော့ ပွဲက တဖက်စောင်းနင်း ဖြစ်သွားခဲ့ပြီး ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်က ပွဲချိန် ၇၅မိနစ် ၊ ၉၄မိနစ်နဲ့ ၉၇မိနစ်တွေမှာ သွင်းဂိုးတွေ သွင်းယူကာ ဟက်ထရစ် ယူပြီး ချယ်လ်ဆီးအတွက် နိုင်ပွဲကို ရယူပေးခဲ့ပါတယ်။

စပါး ၁-၄ ချယ်လ်ဆီး ပွဲအပြီးမှာတော့ စပါးနည်းပြ ပိုစတီဂိုဂလူက ဂိုးပြတ်ရှုံးခဲ့ပေမယ့် နောက်ဆုံးချိန်အထိ မဆုတ်မနစ် ကြိုးစားသွားခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူတယ်လို့ ဆိုလာပါတယ်။ ပိုစတီဂိုဂလူက – “ကျွန်တော်ကတော့ ကစားသမားတွေ အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ နောက်ဆုံးမိနစ်အထိ သူတို့တွေက ကျွန်တော်တို့ အတွက် တခုခု ပြန်ယူပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ကစားသမားတွေက သူတို့ လုပ်နိုင်သမျှ အကုန်လုံး လုပ်ပေးခဲ့ကြတာပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားသမားတွေက စိတ်ဓာတ်ပိုင်း ၊ ကြိုးစားအားထုတ်မှု ၊ စိတ်ပိုင်းဖြတ်မှု အပြည့်နဲ့ ကစားပြခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။