ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၄-၁ နယူးကာဆယ် ပွဲမှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ်ပါ ရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ပွဲပြီးအင်တာဗျူးမှာ အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အဖြစ် လတ်တလောမှာ အသင်းကြီးတွေကို ဆုံးမထားတဲ့ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး စပါးနည်းပြ ပိုစတီဂိုဂလူက ဆွန်ဟောင်မင် ၊ ရစ်ချာလီဆန် ၊ ကူလူဆက်စကီး ၊ ဂျွန်ဆန် စတဲ့ တိုက်စစ်ကစားသမား ၄ဦး အထိ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းကာ တိုက်စစ်အသားပေး ကစားဟန်ကို ပုံဖော်ခဲ့ပါတယ်။

Photo Credit: Sky Sports

တိုက်စစ်ကစားသမား ၄ဦး အထိ ပါဝင်ခဲ့တာကြောင့် စပါးက ပွဲစကနေ ပွဲပြီးတဲ့အထိ နယူးကာဆယ်ကို တောက်လျှောက် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဧည့်သည် နယူးကာဆယ်ကတော့ စပါးရဲ့ တိုက်စစ်ဆင်မှုတွေကို ခုခံရင်းနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။

အဆိုပါပွဲမှာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က အိမ်ရှင် စပါးအတွက် အထူး ခြေစွမ်းပြ ကစားသွားခဲ့ပြီး ဆွန်ဟောင်မင်က ပွဲချိန် ၂၆မိနစ်နဲ့ ၃၈မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ယူဒိုဂီနဲ့ ရစ်ချာလီဆန်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို ပွဲချိန် ၈၅မိနစ်မှာလည်း ပင်နယ်တီ ကနေ တဆင့် အသင်းအတွက် ဦးဆောင်ဂိုး တဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

စပါးအတွက် နောက်ထပ် ဦးဆောင်ဂိုး တဂိုးကိုတော့ ပွဲချိန် ၆၀မိနစ်မှာ ပေါ်ရိုရဲ့ ဖန်တီးပေးမှု ကနေ တဆင့် ရစ်ချာလီဆန်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဧည့်သည် နယူးကာဆယ် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၉၀+၁မိနစ်မှာ ကွင်းလယ်လူ ဂျိုအယ်လင်တန်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Express

စပါး ၄-၁ နယူးကာဆယ် ပွဲအပြီးမှာတော့ စပါးနည်းပြချုပ် ပိုစတီဂိုဂလူက ဂိုးပြတ်နိုင်ပွဲ ရဖို့ အားကုန်ထုတ် ကြိုးစား ကစားခဲ့ကြတဲ့ သူ့ရဲ့ ကစားသမားတွေကို ချီးကျူးသွားခဲ့သလို ၁ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကိုလည်း အသင်းဖော်တွေကို ဆွဲတင်နိုင်သူလို့ နာမည်တပ် ချီးကျူးခဲ့ပါတယ်။

ပိုစတီဂိုဂလူက – “ကျွန်တော်ကတော့ ကောင်လေးတွေရဲ့ ကြိုးစားမှုကို မချီးကျူးပဲ မနေနိုင်ပါဘူး။ ဒီနေ့ပွဲမှာ သူတို့တွေ အားလုံးက အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ခံစစ်စည်းထဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဆွန်နီ(ဆွန်ဟောင်မင်)ကတော့ အကောင်းဆုံး ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အသင်းဖော်တွေကို ဖန်တီးပေးမှုတွေက အရမ်း ကောင်းပါတယ်။ ကျွန်တော်တို့က ရလဒ်တွေ ကောင်းဖို့ အတွက် အသင်းရဲ့ ခေါင်းဆောင်တွေကို မှီခိုရပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ် ကစားသမားတွေက ခြေစွမ်းတွေ ပြခဲ့တဲ့ အတွက် ဂိုးတွေ ပိုရဖို့ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒဏ်ရာရ ကစားသမားတွေကို ပြန်လည် ပိုင်ဆိုင်နေပါပြီ။ နယူးကာဆယ်ကလည်း စိတ်ဓာတ်အပြည့်နဲ့ ကစားခဲ့ကြတာကို ခင်ဗျားတို့ မြင်ကြမှာပါ။ ကျွန်တော်တို့က သူတို့ထက် ပိုကောင်းခဲ့လို့သာ နိုင်ပွဲ ရခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။