ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဒီဆန် ၊ ဗန်ဒီဗန်နဲ့ ရစ်ချာလီဆန်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဘယ်လောက်ကြာအောင် နားရမလဲ ဆိုတာ အတိအကျ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ဩစတေးလျလူမျိုး နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဆဲလ်တစ် ကနေ စပါးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ စပါးရဲ့ ကစားပုံက အတော်လေး တိုးတက်လာသလို ရလဒ်တွေကလည်း အထူး ကောင်းမွန်နေကာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အပြီးမှာ အဆင့်(၂) နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။
Photo Credit: Talksports
ဒါ့အပြင် စပါးက ပွဲစဉ်(၁၀) ပြီးတဲ့ အချိန်အထိ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ကာ ပြီးခဲ့တဲ့အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနဲ့ ပွဲစဉ်ကို ရောက်မှသာ အရှုံးဆိုတဲ့ အရသာကို မြည်းစမ်းခဲ့ရတာပါ။
ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ စပါးအတွက် အတော်လေးကို နစ်နာ ဆုံးရှုံးမှု များပြားခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး စပါးရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒီဗန်နဲ့ မက်ဒီဆန်တို့ဟာ အဆိုပါပွဲမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြသလို အားကိုးရတဲ့ နောက်ခံလူတွေ ဖြစ်ကြတဲ့ ရိုမဲရိုးနဲ့ အူဒိုဂီတို့ကလည်း အနီကတ်တွေ အသီးသီး ထိခဲ့ကြတာကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ကျခံနေရပါတယ်။
Photo Credit: Straits Time
ယနေ့ညမှာတော့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် ဝုလ်ဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲ အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ ပိုစတီဂိုဂလူက ဒဏ်ရာရနေကြတဲ့ ဗန်ဒီဗန် ၊ မက်ဒီဆန်နဲ့ ရစ်ချာလီဆန်တို့ ဘယ်လောက်ကြာအောင် နားရမလဲ ဆိုတာ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။
ပိုစတီဂိုဂလူက – “ဗန်ဒီဗန်ဟာ လနဲ့ချီအောင် အနားယူရမှာပါ။ သူက နှစ်သစ်ကို ရောက်မှပဲ ပြန်ကစားနိုင်မယ့် အနေအထား ရှိပါတယ်။ မက်ဒီဆန်ရဲ့ ဒဏ်ရာကလည်း ကျွန်တော်တို့ ထင်ထားတာထက် ပိုဆိုးရွားနေခဲ့ပါတယ်။ သူကလည်း နှစ်သစ်အထိ အနားယူရမှာပါ။ ရစ်ချာလီဆန်ကတော့ ၁လ ဝန်းကျင် အနားယူရဖို့ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။