ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကြောင့် အပြည့်အဝ မပျော်နိုင်ဘူးလို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဩစတေးလျ ထိပ်သီးနည်းပြ ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ အင်္ဂလန်အသင်း နှစ်သင်း အနက် တသင်း ဖြစ်သလို စပါးက ပွဲစဉ်(၉) အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရာမှာလည်း ၂-၀ ဆိုတဲ့ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင် ရရှိခဲ့ပါတယ်။

Photo Credit: Euro Sports

စပါးနဲ့ ဖူလ်ဟမ်တို့ရဲ့ ပွဲစဉ်က လန်ဒန်ဒါဘီပွဲ ဖြစ်တာနဲ့အညီ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင် စပါးကတော့ ဖူလ်ဟမ်ကို ပွဲစပွဲဆုံး တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ စပါးအတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆန်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဂိုးသမား ဗီကာရီယိုကလည်း အရေးပါတဲ့ ကာကွယ်မှု တချို့ကို လုပ်ပြခဲ့ပါတယ်။

Photo Credit: Standard

စပါး ၂-၀ ဖူလ်ဟမ် ပွဲအပြီးမှာတော့ စပါးနည်းပြ ပိုစတီဂိုဂလူက သူတို့အသင်းဟာ ရလဒ်ကောင်း တခု ရယူနိုင်ခဲ့တာ မှန်ပေမယ့် ဒုတိယပိုင်း ကစားပုံ အတွက် မပျော်ကြောင်းနဲ့ ဒုတိယပိုင်း ကစားပုံဟာ ဒီရာသီမှာ အဆိုးဝါးဆုံး ကစားပုံ တခု ဖြစ်ခဲ့ကြောင်း ဆိုလာပါတယ်။

ပိုစတီဂိုဂလူက – “ရလဒ်ကတော့ ရလဒ်ကောင်း တခုပါပဲ။ ဖူလ်ဟမ်က အတော်လေး ကစားရ ခက်တဲ့ အသင်းပါ။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့သလို နောက်ထပ် ၁ဂိုး ၊ ၂ဂိုးလောက်တောင် ထပ်ရခဲ့သင့်ပါတယ်။ ဒုတိယပိုင်းကတော့ ကျွန်တော်တို့ အတွက် အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့က ဘောလုံးရတဲ့ အချိန်တွေမှာ ကိုယ်ကစားနိုင်တဲ့ အနေအထားမျိုး အထိ ရောက်အောင် မကစားနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဘောလုံးမရှိတဲ့ အချိန်တွေမှာတော့ အကောင်းဆုံး ဖိအားပေး ကစားမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဘောလုံးတွေကို အတော်လေး ဖြုန်းတီးမိခဲ့တာပါ။ ဒီရာသီမှာ ကျွန်တော်တို့က တည်ငြိမ်တဲ့ ကစားဟန်ကို တောက်လျှောက် ပြသနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းကတော့ အဆိုးဝါးဆုံး ကစားပုံလို့ ပြောရမယ် ထင်ပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။