တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်ဂျီ ပိုစတီကိုဂလူးဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ဘိုဒိုဂလင့်အသင်းကို ၂-၀ (နှစ်ကျော့ပေါင်းရလဒ် ၁-၅)နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကြောင့် စိတ်ဆတ်ပြီး ဒေါသထွက်ခဲ့ပါတယ်။
The Telegraph ရဲ့သတင်းထောက် မတ် လောက “မန်ချက်စတာ ယူနိုက်တက်က ဒီယူရိုပါလိဂ်ပြိုင်ပွဲဟာ သူတို့ရဲ့ ရာသီကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြတွေ ကစားသမားတွေက ထပ်ခါတလဲလဲ ပြောနေကြပါတယ်။ တော့တင်ဟမ်အတွက်ကျတော့ ဒီပြိုင်ပွဲက ရာသီကို ကယ်တင်နိုင်မှာလား။ တော့တင်ဟမ်အတွက် မတူညီဘူးလား?” လို့ မေးမြန်းခဲ့ပါတယ်။
Photo Credit : Evening Standard
ဒီမေးခွန်းက ပို့စတီကိုဂလူးကို စိတ်မထိန်းနိုင်အောင် ဖြစ်စေခဲ့ပြီး ယူနိုက်တက်နဲ့ နှိုင်းယှဉ်တာကို သူ စိတ်ကျေနပ်မှု မရှိခဲ့ပါဘူး။ သူက ချက်ချင်း ပြန်လည်ထိုးနှက်ပြီး “ကျွန်တော် ဂရုမစိုက်ပါဘူး။ ယူနိုက်တက်ဘက်က တွေးတာကို ကျွန်တော်ဘာလို့ ဂရုစိုက်ရမှာလဲ။ ဒါက ကျွန်တော့်အတွက် ဘာမှမဆိုင်ပါဘူး။ သူတို့နည်းပြဆီ သွားပြီး ဘာလို့ အဲဒီလို ပြောလဲလို့ မေးပါ။ ကျွန်တော်ကတော့ ဒီပြိုင်ပွဲက အရေးကြီးတယ်လို့ အစကတည်းက ပြောထားတယ်” လို့ ပြန်ဖြေပါတယ်။
အဲ့ဒီနောက် သတင်းထောက်က “ဒါဆို ဒီပြိုင်ပွဲက တော့တင်ဟမ်ရဲ့ ရာသီအတွက် ဘာကိုဆိုလိုတာလဲ။” လို့ ထပ်မေးတဲ့အခါ ပိုစတီကိုဂလူးက မေးခွန်းကို ပြန်လှည့်ပြီး “ခင်ဗျားက ကျွန်တော့်ထက် ဒီကလပ်ကို ပိုသိမှာပါ။ ဒီကလပ်ကို ပိုကြာကြာ လိုက်နေခဲ့တာဆိုတော့။ ဆုဖလားတစ်လုံးက ဒီကလပ်အတွက် ဘာတွေ ဖြစ်လာစေမယ်လို့ ထင်လဲ။” လို့ ပြန်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်။
Photo Credit : Football FanCast
သတင်းထောက်က “အရမ်းကြီးမားတဲ့ အကျိုးသက်ရောက်မှုပဲ။” လို့ ဖြေတဲ့အခါ ပို့စတိကိုဂလူက အေးဆေးတဲ့လေသံနဲ့ “အတိအကျပဲ။ ဒါကြောင့် မေးခွန်းက သူ့အလိုလို အဖြေထွက်လာတာပဲ။” လို့ ရှင်းပြပါတယ်။ ဒါပေမယ့် သူက ဆက်ပြီး “အခုဖြစ်နေတာက လူတွေက ဒီအောင်မြင်မှုဖြစ်လာမှာကို ကြောက်နေကြတာ။ ဒါ တကယ်ဖြစ်လာရင် ဒီရာသီက ဆိုးရွားတယ် ဒီဆုကို မထိုက်တန်ဘူးဆိုပြီး ဘယ်လိုနည်းနဲ့မဆို ဖျက်ဆီးဖို့ အရေးမပါအောင် လုပ်ဖို့ ကြံနေကြတာ။ ဒါမှမဟုတ် ယူနိုက်တက်နဲ့ နှိုင်းယှဉ်ပြီး ဖျက်ဆီးဖို့ လုပ်နေတာ။” လို့ ပြောပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာ စပါးက တစ်မှတ်အကွာနဲ့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေကြပြီး နှစ်သင်းစလုံး ဆိုးရွားတဲ့ရာသီကို ဖြတ်သန်းနေရပါတယ်။ ဒါပေမယ့် ဆုဖလားတစ်လုံးနဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ နှစ်သင်းစလုံးအတွက် အလွန်ဖြစ်နိုင်ခြေရှိနေဆဲပါ။ ဒီနှစ်သင်းဟာ မေလ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ဘီလ်ဘာအိုကွင်းကြီးထဲ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။