ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရပြီးနောက် သူ့ရဲ့ ကစားသမားတွေဟာ မန်ချက်စတာ စီးတီးကို တမင် အရှုံးခံခဲ့တယ်လို့ အဓိပ္ပါယ်ရတဲ့ စကားတွေကို ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ မန်ချက်စတာ စီးတီးတို့က ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် စပါးရဲ့ အိမ်ကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး စပါးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်ခဲ့သလို မန်ချက်စတာ စီးတီးကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှားခံလို့ မဖြစ်တဲ့ အနေအထားကြောင့် နှစ်သင်းစလုံးဟာ လူစုံတက်စုံ ထုတ်သုံးကာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Standard

ဒီနေ့ပွဲမှာသာ စပါးက အနိုင်ရလဒ်ကို ရရှိပြီး နောက်ဆုံးပွဲစဉ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် ဗီလာက ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရင် စပါးဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သိမ်းပိုက် ရယူနိုင်မှာ ဖြစ်တာကြောင့် ပိုစတီဂိုဂလူက နိုင်ပွဲ ရအောင် ယူဖို့ ကြိုးစားခဲ့ပေမယ့် စပါးရဲ့ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေကတော့ စပါးဟာ မြို့ခံပြိုင်ဘက် အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့ မကူညီသင့်ဘူးလို့ ယူဆခဲ့တာကြောင့် စီးတီးကို အရှုံးခံသင့်ကြောင်း ယုံကြည်ခဲ့ပါတယ်။

စပါးနဲ့ မန်ချက်စတာ စီးတီးတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း စပါးရဲ့ ပရိသတ်တွေက ကိုယ့်အသင်းကို အားကြိုးမာန်တက် အားပေးရမယ့် အစား မန်ချက်စတာ စီးတီး ဘောလုံးရတိုင်း ဂိုးသွင်းဖို့ တိုက်တွန်း အားပေးခဲ့ကြပြီး စီးတီးက အနိုင်ဂိုးတွေ သွင်းသွားချိန်မှာ စပါးပရိသတ်တွေက အာဆင်နယ်ကို လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြပါတယ်။

စပါး ၀-၂ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ ပိုစတီဂိုဂလူက သူ့ကစားသမား တချို့ဟာ မန်ချက်စတာ စီးတီးကို ရှုံးအောင် တမင် ကစားခဲ့တယ်လို့ သံသယဝင်နေသလို ကိုယ့်အသင်း အနိုင်ရဖို့ထက် မြို့ခံပြိုင်ဘက် ချန်ပီယံ မဖြစ်ဖို့ကို ပိုပြီး လိုချင်နေတဲ့ စပါးပရိသတ်တွေကိုလည်း စိတ်ဆိုးနေခဲ့ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ ပိုစတီဂိုဂလူက – “ကံမကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့ ၄၈နာရီ အတွင်းမှာ ကျွန်တော်တို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းက ဘယ်လောက်အထိ ပျော့ညံ့နေသလဲ ဆိုတာ တွေ့ခဲ့ရပါတယ်။ အသင်းထဲမှာရော (ကစားသမားတွေကို ရည်ရွယ်လျက်) ၊ အသင်းပြင်ပမှာပါ (ပရိသတ်တွေကို ရည်ရွယ်လျက်) အဲ့ဒီစိတ်ဓာတ်တွေ (အာဆင်နယ်ကို ဖလားမရစေချင်တဲ့စိတ်) ရှိနေပါတယ်။ ကျွန်တော်ကတော့ နိုင်ပွဲတွေကို ဆာလောင်တဲ့ အသင်းကိုပဲ တည်ဆောက်ချင်ပါတယ်။ ကျွန်တော်က ပြိုင်ဘက်တွေကို နိုင်ချင်ပါတယ်” လို့ ပွဲပြီးအင်တာဗျူးမှာ ပြောကာ စပါးပရိသတ်တွေနဲ့ ကစားသမားတွေကို ဝေဖန်သွားခဲ့တာပါ။

စပါးရဲ့ အတွင်းသတင်းတွေကို အမြဲတမ်း ဖော်ပြလေ့ ရှိတဲ့ နာမည်ကြီး သတင်းထောက် ပေါလ် အို ကီဖီကလည်း ပိုစတီဂိုဂလူက စပါးကစားသမားတွေဟာ မန်ချက်စတာ စီးတီးကို တမင် အရှုံးပေးခဲ့တယ်လို့ ယူဆနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပါတယ်။