ယခု နွေဈေးကွက်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းဟောင်း ဂျူဗင်တပ်ထံ အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပြင်သစ်အသင်းရဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်ရဲ့ ချန်ပီယံဘွဲ့ ကာကွယ်ရေး ခရီးစဉ်မှာ အဓိကကျမယ့် ကစားသမား အဖြစ် ရှုမြင်ခံထားရသူပါ။

Photo Credit: Marca

ဒါပေမယ့် ကံမကောင်းစွာနဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်က ချေးဗက်စ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ညာဘက် ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး ပေါ့ဘာက အဆိုပါဒဏ်ရာကို ကုသဖို့ အတွက် ခွဲစိတ်မှု ခံယူမယ် ဆိုရင် အနည်းဆုံး ၂လ ဝန်းကျင်ကနေ အများဆုံး ၄လ ဝန်းကျင် အထိ မဖြစ်မနေ အနားယူရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ပေါ့ဘာဟာ ကနဦးမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဒူးဒဏ်ရာကို မခွဲစိတ်ပဲ ကုသနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် နောက်ဆုံးမှာ ခွဲစိတ်ကုသဖို့ သဘောတူလိုက်ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီကလည်း ပေါ့ဘာဟာ ဒူးဒဏ်ရာကို ခွဲစိတ်တော့မယ့် အကြောင်းနဲ့ သူတို့အသင်းဟာ ပေါ့ဘာကို ဇန်နဝါရီမှသာ ပြန်လည် အသုံးပြုနိုင်မယ်လို့ တွက်ဆထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အယ်လီဂရီက – “ကျွန်တော်ကတော့ ပေါ့ဘာဟာ ဇန်နဝါရီမှပဲ ပြန်ကစားနိုင်မယ်လို့ တွက်ဆထားပါတယ်။ ဒါကြောင့် သူက ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ကစားမလား ၊ မကစားဘူးလား ဆိုတဲ့ မေးခွန်းဟာ ကျွန်တော်နဲ့ သက်ဆိုင်တယ်လို့ မထင်ပါဘူး။ သူက မကြာခင်ကပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပေမယ့် ချက်ချင်းပဲ လေ့ကျင့်မှုကို ရပ်နားလိုက်ပါတယ်။ ပြီးတော့ သူက ဒူးဒဏ်ရာကို ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင် ပြန်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဘောလုံးပြန်မကစားခင် အနည်းဆုံး အချိန် ၃လလောက် ယူရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။