ယမန်နေ့ညမှာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ဘောလုံးလောက ကနေ ၄နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ဂျူဗင်တပ်နဲ့ ပြင်သစ် ကွင်းလယ်ကြယ်ပွင့် ပေါလ် ပေါ့ဘာက သူဟာ တားမြစ်ဆေးကို ရည်ရွယ်ချက်ရှိရှိ သုံးစွဲခဲ့တာ မဟုတ်လို့ အယူခံဝင်ဖို့ ဆုံးဖြတ်ထားကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အသက် ၃၀အရွယ် ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ၂၀၂၂ခုနှစ် နွေရာသီဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ အသင်းဟောင်း ဂျူဗင်တပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Goal

ပေါ့ဘာက သူ့ကစားသမားဘဝရဲ့ အအောင်မြင်ဆုံးအချိန်တွေကို ဂျူဗင်တပ်မှာ ရခဲ့တာကြောင့် ဂျူဗင်တပ်ဆီ ပြန်ရောက်ရင် ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် သူက ဒဏ်ရာပြဿနာတွေကြောင့် ၁နှစ်ခွဲကျော် ကာလအတွင်းမှာ ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၂ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပေါ့ဘာက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၊ ဩဂုတ်လအတွင်းမှာ ကစားခဲ့တဲ့ ဂျူဗင်တပ် ၃-၀ အူဒီးနိစ် ပွဲအပြီးမှာ ရှောင်တခင် ဆေးစစ်ခံခဲ့ရပြီး အီတလီနိုင်ငံရဲ့ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ပေါ့ဘာဟာ DHEAလို့ ခေါ်တဲ့ တက်စတိုရုန်း မြှင့်တင်ပေးတဲ့ တားမြစ်ဓာတ်တွေ ပါဝင်တဲ့ ဆေးတမျိုးကို သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ပေါ့ဘာကို တားမြစ်ဆေး သုံးစွဲမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ယမန်နေ့ညမှာ အီတလီနိုင်ငံရဲ့ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ပေါ့ဘာဟာ တားမြစ်ထားတဲ့ DHEA ပါဝင်တဲ့ ဆေးတွေကို သုံးစွဲခဲ့တာကြောင့် ပေါ့ဘာကို ဘောလုံးလောက ကနေ ၄နှစ် ပွဲပယ်လိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပေါ့ဘာကတော့ သူဟာ တားမြစ်ဆေးကို ရည်ရွယ်ချက်ရှိရှိ မသုံးခဲ့တာကြောင့် ပွဲပယ်ပြစ်ဒစ် အတွက် အယူခံဝင်သွားမယ်လို့ သူ့ရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ပေါ့ဘာက – “ပွဲပယ်ပြစ်ဒဏ်ကြောင့် အံ့ဩ ဝမ်းနည်းရပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ နှလုံးသားတွေ ကွဲကြေနေသလိုလည်း ခံစားနေရပါတယ်။ ကျွန်တော် ကိုယ်တိုင် ကြိုးစားပမ်းစား တည်ဆောက်ထားခဲ့ရတဲ့ ပရော်ဖက်ရှင်နယ်ဘဝ တခုလုံး ကျွန်တော့်ဆီကနေ လုယူခံလိုက်ရပါပြီ။ ပရော်ဖက်ရှင်နယ် ကစားသမား တဦး ဖြစ်တာကြောင့် ကျွန်တော်က စွမ်းဆောင်ရည် တိုးတက်လာအောင် တားမြစ်ထားတဲ့ ဓာတ်ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်တုန်းကမှ မသုံးစွဲခဲ့ပါဘူး။ ကျွန်တော်က ကျွန်တော့်ရဲ့ အသင်းဖော်ဟောင်းတွေနဲ့ ပြိုင်ဘက်တွေကို မလေးမစား မလုပ်ခဲ့သလို လိမ်လည် လှည့်ဖျားတာမျိုးလည်း မလုပ်ပါဘူး။ ဒီနေ့ ချမှတ်ခံလိုက်ရတဲ့ ပွဲပယ်ပြစ်ဒဏ်ကို နိုင်ငံတကာ အားကစားဆိုင်ရာခုံရုံးမှာ အယူခံဝင်သွားမှာပါ” လို့ အတိအလင်း ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။