ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ထားတဲ့ ပြင်သစ် ကွင်းလယ်ကြယ်ပွင့် ပေါလ် ပေါ့ဘာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဒဏ်ရာပြဿနာတွေ ကနေ ကင်းလွတ်အောင် မှော်အစီအရင်တွေ အသုံးပြုခဲ့ပြီး အဆိုပါ မှော်အစီအရင်တွေကို လုပ်ပေးခဲ့တဲ့ နတ်ဆရာကိုလည်း ငွေသန်းနဲ့ချီ ပေးခဲ့ကြောင်း ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်စ် ပေါ့ဘာက လူသိရှင်ကြား ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါလ် ပေါ့ဘာနဲ့ သူ့ရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်စ် ပေါ့ဘာတို့ဟာ လတ်တလောမှာ အမှုရင်ဆိုင်နေကြရသူတွေ ဖြစ်ပြီး ပေါလ် ပေါ့ဘာက မားသီးယပ်စ် ပေါ့ဘာဟာ သူ့ကို ငွေညှစ်ခဲ့တဲ့ အဖွဲ့အစည်းထဲမှာ ပါဝင်နေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားထားကာ မာသီးယပ်စ် ပေါ့ဘာကတော့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု မခံရအောင် ရှောင်တိမ်းနေရပါတယ်။

Photo Credit: Mirror

တဆက်ထဲမှာပဲ မားသီးယပ်စ် ပေါ့ဘာက ပုန်းအောင်နေရာ ကနေ ပေါလ် ပေါ့ဘာရဲ့ လူသိမခံတဲ့ လျို့ဝှက်ချက်တွေကို ထုတ်ပြောနေကာ အဆိုပါ လျို့ဝှက်ချက်တွေထဲမှာ ပေါလ် ပေါ့ဘာဟာ နတ်ဆရာ တယောက်ကို အသုံးပြုပြီး လက်ရွေးစင် အသင်းဖော် ကိုင်လီယန် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တဲ့ အကြောင်းနဲ့ ပေါလ် ပေါ့ဘာဟာ ဒဏ်ရာပြဿနာတွေ ကနေ ကင်းဝေးအောင် နတ်ဆရာ တယောက်ရဲ့ အကူအညီနဲ့ မှော်အစီအရင်တွေ လုပ်ခဲ့တဲ့ အကြောင်းတွေ ပါဝင်နေပါတယ်။

မားသီးယပ်စ် ပေါ့ဘာရဲ့ အဆိုအရ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဒဏ်ရာတွေ ကနေ ကင်းလွတ်စေမယ့် မှော်အစီအရင်တွေကို ပြုလုပ်ခဲ့ပြီး အဆိုပါ မှော်အစီအရင်တွေအား လုပ်ပေးခဲ့တဲ့ နတ်ဆရာကိုလည်း ငွေသန်းနဲ့ချီ ပေးခဲ့ကြောင်း သိရပါတယ်။

Photo Credit: Mirror

ပေါလ် ပေါ့ဘာရဲ့ နတ်ဆရာကိစ္စနဲ့ ပတ်သတ်ပြီး မားသီးယပ်စ် ပေါ့ဘာက – “ကျွန်တော်က ပေါလ် ပေါ့ဘာရဲ့ လိမ်ညာမှုတွေကို ဖြေရှင်းဖို့ အတွက် ဒီနေရာမှာ ရှိနေတာပါ။ ပေါလ် ပေါ့ဘာရဲ့ လိမ်ညာမှုတွေကို ဖြေရှင်းဖို့ အတွက်လည်း သူ့ရဲ့ နတ်ဆရာကိစ္စကို ထုတ်ပြောဖို့ ဆုံးဖြတ်ထားပါတယ်။ ခင်ဗျားတို့တွေ ယုံကြည်သည်ဖြစ်စေ ၊ မယုံကြည်သည်ဖြစ်စေ ပေါလ် ပေါ့ဘာကတော့ သူ့ရဲ့ နတ်ဆရာကို အတော်လေး အားကိုးသလို မှော်ကိစ္စတွေကိုလည်း ယုံကြည်သူ တဦးပါ။ သူက ဒဏ်ရာတွေ ကနေ လွတ်အောင် လုပ်ပေးမယ့် မှော်အစီအရင် တခု လုပ်ပေးဖို့ နတ်ဆရာကို ယူရို သန်းနဲ့ချီတဲ့ ငွေကြေးတွေ ပေးအပ်ခဲ့ပါတယ်။ ဒါကိုလည်း စုံစမ်းစစ်ဆေးနေတဲ့ အရာရှိတွေ ၊ အခွန်ငွေ အရာရှိတွေက Central Bank of Londonမှာ ရှိတဲ့ ငွေစာရင်းတွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်လို့ ရပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။