တားမြစ်ဆေး ပြဿနာတွေ ဖြစ်ပွားပြီးနောက် ဂျုဗင်တပ်စ်အသင်းနဲ့ပါ စာချုပ်ဖျက်သိမ်းထားခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာက သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ ကလပ်အသင်း တစ်သင်းသင်းမှာ ပါဝင်ကစားသွားချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
အသက်(၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပေါ့ဘာဟာ ဂျုဗင်တပ်စ်ဆီ ဒုတိယအကြိမ် ပြန်ရောက်တဲ့နှစ်မှာပဲ တားမြစ်ဆေး သုံးစွဲထားမှု ရှိခဲ့တယ်ဆိုပြီး စစ်ဆေးတွေ့ရှိခဲ့လို့ (၄)နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပေမယ့် အယူခံအောင်မြင်ခဲ့တာကြောင့် (၁၈)လအထိ လျော့ပေါ့ခံလိုက်ရပါတယ်။
Photo Credit : Eurosport
ဒီလို ပွဲပယ်ပြစ်ဒဏ် လျော့ချခံရတဲ့ ပေါ့ဘာက လာမယ့်မတ်လမှာပဲ ဘောလုံးကစားခွင့် ပြန်လည် ရရှိတော့မှာ ဖြစ်ပေမယ့် ဂျုဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းထားဖြစ်လို့ ကလပ်အသင်းလက်မဲ့ ဖြစ်နေရပြီး လတ်တလောမှာတော့ ပေါ့ဘာဟာ မာဆေးလ်အသင်းနဲ့ သတင်းအထွက်ဆုံး ဖြစ်လို့နေပါတယ်။
ပေါ့ဘာဟာ မကြာသေးခင်က ပြင်သစ်နိုင်ငံသား Twitch Streamer တစ်ဦးနဲ့ ဆုံတွေ့စဉ်မှာပဲ “ကမ်းလှမ်းမှုတွေ စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ရုရှားဘက်ကနေ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်ကတော့ စိတ်ဝင်စားစရာမကောင်းပါဘူး။ ကမ်းလှမ်းမှုတွေ များစွာ ရှိခဲ့ပေမယ့်လည်း အဲ့ဒါက ကျွန်တော်ရဲ့ ပန်းတိုင် ဖြစ်မနေပါဘူး။”
Photo Credit : Football Transfer
“ကျွန်တော်တို့မှာက ပန်းတိုင်ကိုယ်စီ ရှိကြတယ်လေ။ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ကစားနေရတဲ့ အသင်းက ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဒါက ငြင်းစရာကို မရှိတာ။ တကယ်သာ ရောက်လာမယ်ဆိုရင်တော့ ဘာကြောင့်နဲ့မှ မငြင်းနိုင်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်း အသင်းကောင်းတစ်သင်းမှာ ပါဝင်ကစားချင်ကြတာလေ။ အဲ့ဒါက ကျွန်တော့်အပေါ်မှာ မမူတည်ဘဲ အခြား အရာတွေ အများကြီးမှာ မူတည်နေပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ပေါ့ဘာဟာ ပြင်သစ် လီဂူးဝမ်းရဲ့ ထိပ်သီးကလပ် မာဆေးလ်နဲ့သာ အများဆုံး သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး မာဆေးလ်က ဒီရာသီထဲ ဥရောပပြိုင်ပွဲတွေ ကစားရခြင်း မရှိပေမယ့် လက်ရှိ လီဂူးဝမ်း အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာထိ ရပ်တည်နေတာဖြစ်လို့ လာမယ့်ရာသီထဲ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က အခြေအနေကောင်းနေပါတယ်။