အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ ကြယ်ပွင့် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက မကြာသေးမီကမှ ကာလရှည်ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် ယမန်နေ့မှာပဲ ကြွက်သားဒဏ်ရာ တခု ထပ်မံ ရရှိသွားခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက် ကနေ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဂျူဗင်တပ်ဆီ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဂျူဗင်တပ်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Bein Sports

ပေါ့ဘာက ၂၀၁၂ခုနှစ် ကနေ ၂၀၁၆ခုနှစ် အတွင်း ဂျူဗင်တပ် အတွက် ပါဝင် ကစားပေးခဲ့ရာမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဒုတိယအကြိမ် အဖြစ် ဂျူဗင်တပ်ဆီ ပြန်လည် ရောက်ရှိလာချိန်မှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် မထင်မှတ်ပဲ ရာသီကြိုပွဲမှာ ဒဏ်ရာရသွားတာကြောင့် ၆လကျော် အနားယူခဲ့ရပါတယ်။

ပေါ့ဘာက ၆လကျော် အနားယူခဲ့ရပြီးနောက် ဂျူဗင်တပ် ၄-၂ တိုရီနို ၊ ရိုးမား ၁-၀ ဂျူဗင်တပ် စတဲ့ ပွဲစဉ်တွေမှာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့ပေမယ့် စည်းကမ်းချိုးဖောက်မှုကြောင့် ဂျူဗင်တပ် ၁-၀ ဖရိုင်းဘက် ပွဲစဉ်ကို လွဲချော်ခဲ့သလို ကြွက်သားဒဏ်ရာကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျူဗင်တပ် ၄-၂ ဆမ်ဒိုးရီးယား ပွဲစဉ်ကိုလည်း ထပ်မံ လွဲချော်ခဲ့ပါတယ်။

Photo Credit: Bein Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပေါ့ဘာဟာ ဂျူဗင်တပ်နဲ့ ဆမ်ဒိုးရီးယား ပွဲအတွက် လေ့ကျင့်ခန်း လုပ်ရာ ကနေ ကြွက်သားဒဏ်ရာ ရရှိသွားတာ ဖြစ်ပြီး ဒဏ်ရာဟာ သိပ်မပြင်းထန်တာကြောင့် ကာလရှည် အနားယူရဖို့ မရှိပေမယ့် ကြားရက်မှာ ကစားရမယ့် ဖရိုင်းဘက်နဲ့ ဂျူဗင်တပ်တို့ ပွဲစဉ်ကို လွဲချော်နိုင်ချေ ရှိနေကြောင်း သိရပါတယ်။