ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ မှားယွင်းတဲ့ ပေးပို့မှု တခုနဲ့ ပြိုင်ဘက်အသင်းကို သွင်းဂိုးလက်ဆောင် ပေးခဲ့တဲ့ ဂိုးသမား ရော်ဘတ် ဆန်းချက်ဇ်ကို အပြစ်တင်မှုတွေ လုပ်သွားမှာ မဟုတ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဒီရာသီမှာ ပုံစံကောင်း ရနေတဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ အနိုင်ရလဒ် ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးနဲ့ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ကြသလို တိုက်စစ်ကို အားပြု ကစားခဲ့တာကြောင့် ပွဲက အတော်လေး ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် ချယ်လ်ဆီးကတော့ ဧည့်သည် အာဆင်နယ်ထက် ကစားပုံ အနည်းငယ် ပိုကောင်းခဲ့ပါတယ်။

အဆိုပါပွဲမှာ ချယ်လ်ဆီးက ဦးဆောင်ဂိုး ၂ဂိုးကို စတင် ရရှိခဲ့ပြီး ပါလ်မာနဲ့ မူဒရစ်ခ်တို့က ပွဲချိန် ၁၅မိနစ်နဲ့ ၄၈မိနစ်တွေမှာ ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ကြတာပါ။ ၂ဂိုးပြတ် ဦးဆောင်ခွင့် ရခဲ့ပြီးနောက် ချယ်လ်ဆီးက အနိုင်ရလဒ်ကို ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ပွဲချိန် ၇၇မိနစ်မှာ ချယ်လ်ဆီးဂိုးသမား ဆန်းချက်ဇ်ရဲ့ ဘောလုံးပေးပို့မှု အမှားကနေ ဒီကလန်ရိုက်စ်က အာဆင်နယ်အတွက် ပထမ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Football London

အဲ့ဒီနောက် ပွဲချိန် ၈၄မိနစ်မှာတော့ လူစားဝင် ကစားသမား ထရော့ဆက်က အာဆင်နယ် အတွက် အဖိုးတန် ဒုတိယ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး သူတို့အသင်းရဲ့ ရှုံးပွဲမရှိ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းပေးသွားခဲ့ပါတယ်။ ချယ်လ်ဆီး ၂-၂ အာဆင်နယ် ပွဲအပြီးမှာတော့ ချယ်လ်ဆီးရဲ့ ပရိသတ်တွေက အာဆင်နယ်ရဲ့ ပထမချေပဂိုးမှာ အဓိက တာဝန်ရှိသူ ဖြစ်ခဲ့တဲ့ ဂိုးသမား ဆန်းချက်ဇ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုကတော့ ကစားသမားတိုင်းဟာ အမှားတွေ ကျူးလွန်တတ်တာမို့ ဆန်းချက်ဇ်ကို အပြစ်မတင်ချင်ဘူးလို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ဒီသရေပွဲ အတွက် တစုံတယောက်ကို အပြစ်တင်တာမျိုး မလုပ်ချင်ပါဘူး။ ဒီလိုအမှားမျိုးကို လူတိုင်း ကျူးလွန်နိုင်ပါတယ်။ ကစားသမားတိုင်းက တချိန်ချိန်မှာ ဒီလို အမှားမျိုး ကျူးလွန်မိမှာပါပဲ။ ကျွန်တော်တို့က တယောက်နဲ့ တယောက် ကြားထဲမှာ နားလည်မှုတွေ စရနေတဲ့ ငယ်ရွယ်တဲ့ ဘောလုံးအသင်းပါ။ ကျွန်တော်တို့က ဆန်းချက်ဇ်နဲ့အတူ လက်တွဲခွင့် ရလို့ ပျော်နေကြတာပါ။ ဒီအမှားကြောင့် သူက စိတ်ပျက်နေသလို သူ့ရဲ့ ဆုံးဖြတ်ချက် အတွက် ဝမ်းနည်းနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။