ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ကာရာဘောင်းဖလား ၁၆သင်းအဆင့် ပွဲစဉ်မှာ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုကာ အနိုင်ရလဒ် ရရှိရေး အတွက် ကြိုးစားသွားမယ်လို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပေမယ့် ကာရာဘောင်းဖလား ပြိုင်ပွဲမှာတော့ ၁၆သင်းအဆင့် အထိ တက်ရောက်ထားနိုင်ပါတယ်။

Photo Credit: 90 Mins

ယနေ့ညမှာတော့ ချယ်လ်ဆီးက ကာရာဘောင်းဖလား ၁၆သင်းအဆင့် ရှုံးထွက်ပွဲ အဖြစ် ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး နှစ်သင်းကြားမှာ ကစားသမားအင်အား ကွာခြားချက် ကြီးမားတာကြောင့် ချယ်လ်ဆီးအတွက် အနိုင်ရဖို့ မခက်ခဲပါဘူး။

ချယ်လ်ဆီးက အရန် ကစားသမားတွေကို အသုံးပြုရင်တောင် ဘလက်ဘန်းကို အလွယ်တကူ အနိုင်ရနိုင်ပေမယ့် ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုကတော့ သူတို့အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲကို အလေးထား ယှဉ်ပြိုင်နေတာကြောင့် ဘလက်ဘန်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Football London

ပိုချက်တီနိုက – “ဒီပြိုင်ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့က အတောင့်တင်းဆုံး လူစာရင်းနဲ့ ကစားဖို့ ကြိုးစားသွားပါမယ်။ စနေနေ့ပွဲ အပြီးမှာ ကျွန်တော်တို့က ကစားသမား တချို့ကို အနားပေးဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့က ကစားသမားတွေနဲ့ ပတ်သတ်ပြီး စွန့်စားမှုတွေ လုပ်မှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ချယ်လ်ဆီးနဲ့ ဘလက်ဘန်းတို့ ကြားထဲမှာ ကစားသမားအင်အားရော ၊ ခြေစွမ်းပိုင်းပါ ကွာဟချက် ကြီးမားပေမယ့် ဘလက်ဘန်းက နောက်ဆုံး ကစားထားတဲ့ ချန်ပီယံရှစ် ၅ပွဲမှာ ၃ပွဲနိုင် ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရထားတာကြောင့် အိမ်ရှင် ချယ်လ်ဆီးဟာ အာရုံစူးစိုက်မှု အပြည့် ထည့်ကာ ယှဉ်ပြိုင်မှသာ ဘလက်ဘန်းကို သက်တောင့်သက်သာ အနိုင်ရရှိမှာပဲ ဖြစ်ပါတယ်။