ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက လန်ဒန်ဒါဘီ မြိုခံကလပ် ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် သူတို့အသင်းအနေနဲ့ ဥရောပဝင်ခွင့်အတွက် ယုံကြည်မှုနဲ့ လက်ရှိ ကစားအားကို ဆက်လက် ထိန်းသိမ်းသွားရမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းက အာဆင်နယ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဗီလာကို (၂)ဂိုးအရှုံးကနေ (၂)ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့သလို စပါး ဝက်စ်ဟမ်းတို့လို လန်ဒန်မြို့ခံတွေကိုလည်း (2-0) (5-0) ဆိုုတဲ့ ပေးဂိုးမဲ့ ဂိုးပြတ်နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒီနိုင်ပွဲတွေကြောင့်ပဲ ချယ်လ်ဆီးအသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၇)နေရာထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကွန်းဖရန့်လိဂ်ဝင်ခွင့်နေရာကို ရောက်ရှိနေတဲ့ နယူးကာဆယ်နဲ့ (၂)မှတ်အကွာ ယူရိုပါလိဂ်ဝင်ခွင့်နေရာကို ရောက်ရှိနေတဲ့ စပါးနဲ့ (၆)မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးက လက်ကျန်ပွဲ (၃)ပွဲအထိ ကစားဖို့ ကျန်ရှိနေသေးတဲ့အတွက် အနိမ့်ဆုံးတော့ ကွန်းဖရန့်စ်လိဂ်လောက် မျှော်မှန်းလို့ရနိုင်ပြီး အသင်းနည်းပြ ပိုချက်တီနိုကလည်း လက်ရှိ အသင်းရဲ့ အရှိန်နဲ့ ယုံကြည်မှု ဆက်လက် ထိန်းသိမ်းထားပြီး လက်ကျန်ပွဲတွေကို အနိုင်ကစားသွားဖို့လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒါ့အပြင် ပိုချက်တီနိုက “တော့တင်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီလို ရလဒ်မျိုးနဲ့ ထပ်မံ ပုံဖော်နိုင်ခဲ့တာက အရမ်းကောင်းပါတယ်။ ဒီအတွက်လည်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွှက်မှုတွေအပေါ် ကျေနပ်အားရ ပျော်ရွှင်မိပါတယ်။ အခုပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ကစားသမားတွေကလည်း မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့တယ်။”

“ပွဲရဲ့ ပထမပိုင်းအပြီးမှာကတည်းက Clean Sheet နိုင်ပွဲကို ဖော်ဆောင်ခဲ့တာကြောင့် ကျွန်တော် သက်တောင့်သက်သာ မဖြစ်ခဲ့ရပါဘူး။ ပြိုင်ဘက် ဝက်စ်ဟမ်းက ခွန်အားသုံး ကစားတက်ပြီး တည်ကန်ဘောတွေကနေ ဒုက္ခပေးတက်တဲ့ အသင်းဖြစ်လို့ ကျွန်တော်တို့အတွက် ကံကောင်းဖို့ လိုအပ်ခဲ့တယ်။ နိုင်ပွဲရရုံမကပဲ ဂိုးမပေးရတဲ့ နိုင်ပွဲဖြစ်ဖို့ကလည်း အရေးကြီးပါသေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။