ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ဒဏ်ရာကြောင့် အနားယူနေရပေမယ့် မကြာသေးမီကပဲ ပါတီတက်ပြီး ကဲခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား မာဒူအက်ခီကို နောက်တကြိမ် ဒီလိုမျိုး လုပ်ရပ်တွေ ထပ်မလုပ်ဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတိပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် ယူ-၂၁လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မာဒူအက်ခီက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ နယ်သာလန် ထိပ်သီးကလပ် ပီအက်စ်ဗွီကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

Photo Credit: Mirror

ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ မာဒူအက်ခီက ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ချယ်လ်ဆီးမှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူက ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲသာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့မှာ မာဒူအက်ခီက ကြွက်သားဒဏ်ရာ တခု ရခဲ့တာကြောင့် အခုချိန်အထိ အနားယူနေရပြီး သူ ပြန်ကစားနိုင်မယ့် နေ့ရက်ကိုလည်း အတိအကျ မသိရသေးပါဘူး။

မာဒူအက်ခီက ကြွက်သားဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ပါတီတခုကို တက်ရောက်ခဲ့ပြီး အဆိုပါ ပါတီမှာ မာဒူအက်ခီ တယောက် ကဲနေတဲ့ ဗွီဒီယိုဖိုင်တွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက ချယ်လ်ဆီးရဲ့ ကစားသမား တဦးဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ပါတီတွေ တက်ပြီး ကဲနေတာမျိုး မဖြစ်သင့်ကြောင်း ပြောကာ မာဒူအက်ခီကို ဆူသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်တို့ရဲ့ ကစားသမားတွေဟာ အဲ့ဒီဗွီဒီယိုမျိုးထဲကလို အရာတွေကို မလုပ်ပဲ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဒါကို ကစားသမားတွေ အားလုံး သိထားရပါမယ်။ ခင်ဗျားက ချယ်လ်ဆီးရဲ့ ကစားသမား တယောက် ဖြစ်နေပြီ ဆိုရင် ဒီလိုမျိုး အရာတွေကို (ပါတီတွေ) ရှောင်ရှားရပါမယ်။ ဒါက ပြဿနာ အကြီးကြီး တခု မဟုတ်ပေမယ့် မလုပ်တာ အကောင်းဆုံးပါပဲ။ သူက ဒဏ်ရာကနေ ပြန်သက်သာနေပါပြီ။ ဒါကြောင့် မကြာခင် သူ ပွဲတွေ ပြန်ကစားနိုင်မလား ဆိုတာ ကျွန်တော်တို့တွေ စစ်ဆေးကြည့်ရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။