ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် စပို့တင်း လစ္စဘွန်းကြယ်ပွင့် ယူဂါတီကို ခေါ်ယူရန် စိတ်အားထက်သန်နေပြီး ယူဂါတီဆီ ကိုယ်တိုင် ဆက်သွယ်ကာ ချယ်လ်ဆီးဆီ ပြောင်းလာအောင် စည်းရုံးနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်တန်းနည်းပြ တဦး ဖြစ်သူ ပိုချက်တီနိုက ပီအက်စ်ဂျီ ကနေ ထွက်ခွာပြီးနောက် ခေတ္တ အနားယူခဲ့ပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ လန်ဒန်ထိပ်သီးကလပ် ချယ်လ်ဆီးနဲ့အတူ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာတော့မှာပါ။

Photo Credit: Football Transfer

ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးရွားခဲ့တာကြောင့် နည်းပြအပြောင်းအလဲ ၄ကြိမ် အထိ ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာဖို့ ရှိနေပြီး ပိုချက်တီနိုနဲ့ ချယ်လ်ဆီးတို့က ယမန်နေ့ညမှာပဲ စာချုပ် ချုပ်ဆိုပြီးပါပြီ။

ဒါကြောင့် ပိုချက်တီနိုက ယနေ့မနက်မှ စတင်ကာ ချယ်လ်ဆီးရဲ့ ကစားသမားသစ် ခေါ်ယူရေးအဖွဲ့ထဲမှာ စတင် ပါဝင်လာခဲ့ပြီး ပိုချက်တီနိုက သူ့ရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် စပို့တင်း လစ္စဘွန်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ယူဂါတီကို ခေါ်ယူချင်နေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုက ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့ အပြိုင် လုနေရတဲ့ ယူဂါတီထံ သူကိုယ်တိုင် ဆက်သွယ်ကာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ကာ ယူဂါတီကတော့ သူ့ရဲ့ အနာဂတ်အတွက် မကြာခင်မှာပဲ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချတော့မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က ယူဂါတီကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကျော်နဲ့ ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေကြတာ ဖြစ်ပြီး နှစ်သင်းစလုံးက တူညီတဲ့ ပြောင်းရွှေ့ကြေး ပမာဏနဲ့ ကမ်းလှမ်းထားတာကြောင့် ယူဂါတီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်တဲ့ အသင်းဟာ ယူဂါတီရဲ့ အသင်းသစ် ဖြစ်လာဖို့ ရှိနေပါတယ်။