ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပွဲကျန်မှာ သူ့ရဲ့ အသင်းဟောင်း စပါးကို စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ အနိုင်ယူဖို့ အစွမ်းကုန် ကြိုးစား ပြင်ဆင်နေကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ချယ်လ်ဆီးဆီ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ ပိုချက်တီနိုက ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် စပါးကို ကာလရှည် ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ပိုချက်တီနိုဟာ ၂၀၁၄ခုနှစ် ကနေ ၂၀၁၉ခုနှစ် အထိ ၆နှစ်ကြာအောင် စပါးကို တာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။

Photo Credit: Goal

ပိုချက်တီနိုက စပါးနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ မရယူနိုင်ခဲ့ပေမယ့် စပါးကို ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းအဆင့် ကနေ အသင်းကြီး တသင်း ဖြစ်လာအောင် တည်ဆောက်ပေးခဲ့သလို ဥရောပရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီလည်း ပို့ဆောင်ပေးခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ စပါးရဲ့ ပရိသတ်တွေက ပိုချက်တီနိုကို ချစ်ခင်ကြသလို ပိုချက်တီနိုကလည်း စပါးအပေါ် သံယောဇဉ် ကြီးပါတယ်။ ယနေ့ညမှာတော့ ပိုချက်တီနိုက စပါးရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ကာ စပါးနဲ့ ပြိုင်ဘက် အဖြစ် ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးနဲ့ စပါးတို့က ပထမအကျော့အဖြစ် စပါးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ၂ယောက်လျော့ စပါးကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားပေမယ့် ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ ကြိုးစားလာနိုင်မှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အမှားခံလို့ မရတော့တဲ့ စပါးကြောင့် ချယ်လ်ဆီးတို့ အိမ်ကွင်းမှာ ရုန်းကန်ရနိုင်ပါတယ်။

ပိုချက်တီနိုကတော့ အလုပ်တွဲလုပ်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ တွေ့ဆုံခွင့်ရတာက ကျေနပ်စရာ ဆိုပေမယ့် သူဟာ စပါးကို စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ အနိုင်ရချင်ကြောင်း ဆိုလာပါတယ်။ ပိုချက်တီနိုက – “စပါးရဲ့ ကွင်းမှာ သွားကစားခဲ့ရတဲ့ အချိန်ကတော့ ကျွန်တော့်အတွက် ထူးခြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါက ကျွန်တော့်ရဲ့ စပါးကို ပြိုင်ဘက်အဖြစ် ပထမဦးဆုံး ရင်ဆိုင်ရတဲ့ ပွဲစဉ် ဖြစ်နေလို့ပါ။ ဒါပေမယ့် အခုကတော့ ကွာခြားသွားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်လည် ဆုံတွေ့ခွင့် ရတာက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်က စပါးကို အနိုင်ယူချင်ပါတယ်။ ဒီပွဲက ခက်ခဲမယ့်ပွဲမျိုးပါ။ ဒီနေ့ပွဲမှာ ကောင်းတာလေးတွေက ကျွန်တော်တို့ဘက်မှာ ရှိနေဖို့ မျှော်လင့်မိပါတယ်။ ဒီပွဲမှာ အနိုင် ၃မှတ် ရယူဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။