ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူဟာ ချယ်လ်ဆီးအသင်းကို နောက်ထပ် ၂၅နှစ်လောက် အထိ ကိုင်တွယ်ချင်ကြောင်း စပါးနဲ့ ချယ်လ်ဆီးပွဲ အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ချယ်လ်ဆီးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ် တရပ် ချုပ်ဆိုထားပါတယ်။

ပိုချက်တီနိုက ချယ်လ်ဆီးနည်းပြ ဖြစ်လာပြီးနောက် ကိုင်စီဒို ၊ ပါလ်မာ ၊ ဒီဆာဆီ ၊ ဂျက်ဆန် ၊ ရော်ဘတ် ဆန်းချက်ဇ် ၊ လာဗီယာ စတဲ့ နာမည်ကြီး ကစားသမားတွေ အပြင် ကစားသမား များစွာကို ခေါ်ယူခဲ့ပေမယ့် သူ့ရဲ့ ချယ်လ်ဆီးဟာ အခုချိန်အထိ ပုံမှန် ကစားပုံ တခုကို မချပြနိုင်သေးသလို ရလဒ်ကောင်းတွေလည်း မရသေးပါဘူး။

Photo Credit: Team Talk

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးက ပြိုင်ပွဲစုံမှာ ၁၃ပွဲ ကစားထားရာ ၆ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပေမယ့် အနိုင်ရထားတဲ့ ၆ပွဲမှာ ၃ပွဲဟာ ကာရာဘောင်းပြိုင်ပွဲမှာ နိုင်ထားတဲ့ ပွဲတွေ ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ နိုင်ပွဲ ၃ပွဲသာ ရရှိထားပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် စပါးကို အဝေးကွင်းမှာ သွားရောက် မရင်ဆိုင်ခင်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃နေရာ အထိ ရောက်ရှိနေပြီး စပါးနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်း တခု ရယူနိုင်မှသာ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးဟာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ အသင်းတွေနဲ့ ရမှတ်ကွာဟချက် ပိုမများသွားမှာ ဖြစ်ပါတယ်။

Photo Credit: Euro Sports

လတ်တလောမှာ ခြေစွမ်းကောင်းတွေ မရသေးပေမယ့် ချယ်လ်ဆီးပိုင်ရှင်တွေက ပိုချက်တီနိုကို ယုံကြည်နေဆဲ ဖြစ်သလို ပိုချက်တီနိုကလည်း သူဟာ ချယ်လ်ဆီးမှာ ရှိနေတာကို ပျော်ရွှင်နေပြီး ချယ်လ်ဆီးကို နောက်ထပ် ၂၅နှစ်လောက် ကိုင်တွယ်ချင်ကြောင်း ဆိုလာပါတယ်။

ပိုချက်တီနိုက – “ကျွန်တော် မသေဆုံးခင်အထိ ချယ်လ်ဆီးနဲ့အတူ ရှိနေခွင့် ရဖို့ မျှော်လင့်မိပါတယ်။ နောက်ထပ် ၂၀ ၊ ၂၅နှစ်လောက် ချယ်လ်ဆီးမှာပဲ ဆက်ရှိချင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။