ဘုန်းမောက်နဲ့ ဂိုးမရှိသရေ ပွဲစဥ်အပြီးမှာ ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အသင်းပရိသတ်တွေအနေနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်တွေ ရလဒ်ပိုင်းတွေအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြမယ်ဆိုတာကို နားလည်မိပါတယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တန်းတက်ကလပ် လူတန်တောင်း တစ်သင်းတည်းကိုသာ အနိုင်ရထားပြီး အခု ဘုန်းမောက်နဲ့ပွဲမှာလည်း အခွင့်အရေးပေါင်းများစွာ ရရှိခဲ့ပါလျက်နဲ့ အသုံးမချနိုင်ပဲ (၂)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ကာ (၂)ပွဲလုံးလည်း နိုင်ပွဲပျောက်ခဲ့ပါသေးတယ်။

Photo Credit : Chelsea FC Twitter

ပွဲအပြီးမှာ ပိုချက်တီနိုက “အသင်းပရိသတ်တွေက အသင်း နိုင်ပွဲမရရင် မပျော်ကြတာ သာမာန်ပါပဲ။ ဒါပေမယ့် ပရိသတ်တွေကို ကျွန်တော်ပြောပြနိုင်တာက အခြေအနေတွေ ပြောင်းလဲလို့ မရပါဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာရထားတဲ့ ကစားသမားတွေ အရမ်းများပြားနေတယ်။ ကျွန်တော်တို့သာ စည်းစည်းလုံးလုံး ရှိနေမယ်ဆိုရင် ကျွန်တော်တို့က တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်။”

“ကစားသမားတွေသာ fit ဖြစ်နေမယ်ဆိုရင် ကျွန်​တော်တို့တွေ ဘယ်အရာမဆို ယှဥ်ပြိုင်နိုင်ပါတယ်။ ကျွန်တော်တို့ တခြားအသင်းတွေနဲ့ ဘာကြောင့် ကွာခြားနေရတာလဲဆိုတော့ ကျွန်တော်တို့မှာ ရာသီအစကတည်းက ကစားသမား အပြည့်အဝ မရနေလို့ပါပဲ။ ကျွန်တော့်အတွက်တော့ ဘာမှပြောစရာ မရှိပါဘူး။ ပရိသတ်တွေကတော့ သူတို့ ပြောချင်တာကို ပြောနိုင်ပါတယ်။”

Photo Credit : Football365

“ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို သိပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုရကို ခိုင်မာရပါမယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ဘက်က ဒဏ်ရာရ ကစားသမား (၁၂)ယောက်အထိကို ရှိနေပါတာမို့ လူငယ် ကစားသမား (၃) (၄)ယောက်လောက်ကို အရန်လူစာရင်းထဲ ထည့်ထားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် ဒါတွေကို ငိုပြ ညည်းပြ အထွန့်တက်ပြနေလို့ မပြရပါဘူး။ ဒီအခြေအနေ ဒီစိန်ခေါ်မှုကို လက်ခံရမယ်။ အပြုသဘောဆောင်နေရပါမယ်။”

“ကျွန်တော်တို့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခံယူချက်အတိုင်းပဲ ဆက်သွားပါမယ်။ လူတွေ မျှော်လင့်ထားတာထက် ပိုကောင်းတာတွေ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့မျှော်လင့်ချက်က အမြဲတမ်းအနိုင်ရဖို့ပါပဲ။ ပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါတွေကလည်း ကျွန်တော်တို့တွေ နိုင်ပွဲရချင်လို့ပါ။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။