ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ၊ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် မစ်ဒယ်ဘရော့ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရယူပြီး နှစ်ကျော့ပေါင်းရလဒ် ၆-၂နဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့တွေ့ အနိုင်ကန်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဖလားပြိုင်ပွဲတွေ ဖြစ်တဲ့ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Daily Star

ချယ်လ်ဆီးက ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် မစ်ဒယ်ဘရော့ကို အဝေးကွင်းမှာ ရင်ဆိုင် ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အဖြစ် အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ မစ်ဒယ်ဘရော့ကို ဧည့်ခံ ကစားခဲ့ချိန်မှာတော့ ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီး ၆-၁ မစ်ဒယ်ဘရော့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို ဖာနန်ဒက်ဇ် ၊ ဒီဆာဆီ ၊ ပါလ်မာ ၊ မာဒူအက်ခီတို့က အသီးသီး သွင်းယူပေးခဲ့ကြသလို မစ်ဒယ်ဘရော့ ကစားသမား ဟော်ဆန်ကလည်း ချယ်လ်ဆီးအတွက် လက်ဆောင်ဂိုး ၁ဂိုး ပေးခဲ့ပါတယ်။ မစ်ဒယ်ဘရော့ အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၈၈မိနစ်မှာ တိုက်စစ်ကစားသမား ရော်ဂျာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

မစ်ဒယ်ဘရော့ကို အနိုင်ရကာ ကာရာဘောင်းဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက တဖက် ဆီမီးဖိုင်နယ်မှာ ရှိနေတဲ့ ဖူလ်ဟမ်နဲ့ လီဗာပူး နှစ်သင်းအနက် ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ သူတို့အသင်းက ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်က ချယ်လ်ဆီးနဲ့ ဆုဖလား တလုံး ရယူချင်နေပါပြီ။ ကျွန်တော်တို့နည်းပြအဖွဲ့က ပဲရစ်မြေမှာ ဆုဖလား ၃လုံး အထိ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးနဲ့အတူ ဆုဖလား လိုချင်ပါတယ်။ ကျွန်တော်က ဗိုလ်လုပွဲမှာ အနိုင်ကန်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီပွဲရဲ့ အနိုင်ရလဒ်က ကျွန်တော်တို့တွေ စိတ်ဓာတ်တွေ တက်ကြွလာအောင် ကူညီပေးပါလိမ့်မယ်။ ဗိုလ်လုပွဲ ကစားရတော့မှာ ဖြစ်လို့ မနက်ဖြန်မှာတင် ဒဏ်ရာရ ကစားသမားတွေက ဒဏ်ရာတွေ ပျောက်အောင် အသည်းအသန် ကြိုးစားနိုင်ပါတယ်။ ဗိုလ်လုပွဲက ကျွန်တော်တို့အတွက် အရမ်း အရေးကြီးပါတယ်။ ကျွန်တော်တို့က လီဗာပူး (သို့) ဖူလ်ဟမ်နဲ့ တွေ့ရပါတော့မယ်။ နှစ်သင်းစလုံးက အသင်းကောင်းတွေ ဖြစ်လို့ ဗိုလ်လုပွဲက ခက်ခဲမယ့်ပွဲ ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်ထားရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။