ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၀ ချယ်လ်ဆီး ပွဲစဉ်မှာ အပိုင်ဂိုးသွင်းခွင့် ၃ကြိမ်ကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ကို အပြည့်အဝ ယုံကြည်နေဆဲပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဆီနီဂေါလက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်က ယခုနှစ် ဘောလုံးရာသီ အစကမှ စပိန်ကလပ် ဗီလာရီးရဲလ် ကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၇သန်း ပေးချေခဲ့ရသလို သူ့ကိုလည်း ၂၀၃၁ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

နီကိုလပ်စ် ဂျက်ဆန်က ဗီလာရီးရဲလ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားခွင့် ရနေပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

နီကိုလပ်စ် ဂျက်ဆန်က ပြေးအား ၊ တိုးအား ကောင်းသလို ဂိုးဧရိယာအတွင်းမှာ နေရာယူပုံ သေသပ်တဲ့ တိုက်စစ်မှူး ဖြစ်ပေမယ့် သူ့ရဲ့ အဓိက အားနည်းချက်က အဆုံးစွမ်းရည် ဖြစ်ပြီး ဂျက်ဆန်ဟာ ဒီရာသီမှာ သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေး များစွာကို ဖြုန်းတီးပစ်ခဲ့ပါတယ်။

Photo Credit: Tribuna

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ပရိသတ်အများစုက နီကိုလပ်စ် ဂျက်ဆန်ကို ချယ်လ်ဆီးကစားသမား မဖြစ်သင့်တဲ့သူ ဆိုပြီး ခေါင်းစဉ်တပ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ပိုချက်တီနိုကတော့ ဝေဖန်မှုတွေ ရှိနေပေမယ့် သူဟာ နီကိုလပ်စ် ဂျက်ဆန်ကို အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ကာ ဂျက်ဆန်ဟာ လာမယ့်ရာသီမှာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ဂျက်ဆန်က ကောင်းကောင်း ကစားထားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က အမြဲတမ်း သူ့ကို အားပေး ကူညီသွားမှာပါ။ သူက ပြေးအား ၊ သွင်းဂိုး ၊ ဂိုးဖန်တီးမှုတွေနဲ့ အသင်းအတွက် အများကြီး စွမ်းဆောင်ပေးထားပါတယ်။ ဒါက သူ့ရဲ့ ပထမဦးဆုံးရာသီ ဖြစ်လို့ အခုလို စွမ်းဆောင်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဂျက်ဆန်က အသင်းအတွက် တိုက်ပွဲဝင်တတ်သလို လာမယ့်ရာသီမှာ သူက အခုထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ ဒါကို သံသယဝင်စရာ မလိုပါဘူး” လို့ ပြောကာ ဂျက်ဆန်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။