ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက သူတို့အသင်းရဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း အချက်အလက်တွေများအရဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၄)နေရာမှာ ရပ်တည်နေသင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၁)နေရာထိကို ရောက်ရှိလို့နေပြီး အဆင့်(၄)နေရာက အက်စတွန် ဗီလာအသင်းနဲ့လည်း ရမှတ်ပေါင်း (၁၇)မှတ်အထိတောင် ကွာဟလို့နေပါတယ်။

Photo Credit : Super Sport

ဒါပေမယ့် ချယ်လ်ဆီးက ဒီရာသီထဲ လိဂ်ဖလား ဖိုင်နယ်အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ထိ ရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ နောက်ပြီး Opta အချက်အလက်စုဆောင်းရေးကနေ ဖော်ပြထားတဲ့ ဒီရာသီအတွင်း ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ စွမ်းဆောင်မှုတွေကလည်း လက်ခံနိုင်စရာ အခြေအနေမှာ ရှိနေပါတယ်။

Opta ရဲ့ ဖော်ပြချက်မှာ ချယ်လ်ဆီးက ဂိုးကန်ချက်မှာ အဆင့်(၁၃) ဂိုးပေါက်တည့်ကန်ချက်မှာ အဆင့်(၉) ဘောလုံးပေးပို့မှုမှာ အဆင့်(၆) Expected Goals မှာ အဆင့်(၆) Big Chances မှာ အဆင့်(၆)နဲ့ ပြိုင်ဘက်ဂိုးဧရိယာ ဘောလုံးထိမှု အဆင့်(၁၀)နေရာတွေမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဒီလို အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “အချက်အလက်အားလုံးကို ကြည့်မယ်ဆိုရင် အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာမှာ ရှိနေသင့်ပါတယ်။ ဒါပေမယ့်လည်း မတူညီတဲ့ အကြောင်းပြချက်တွေကြောင့်ပဲ ကျွန်တော်တို့ အဲ့ဒီနေရာမှာ မရပ်တည်နိုင်ခဲ့ပါဘူး။ ဒီအချက်တွေက ဘာကို ညွှန်ပြနေသလဲဆိုတော့ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ လမ်းကြောင်းမှာ ရှိနေတယ် ဆိုတာပါပဲ။”

“ဒီကနေပြီးတော့ ဘယ်နေရာမှာ ပိုတိုးတက်ဖို့ လိုနေသလဲဆိုတာကိုလည်း သိနိုင်တယ်။ ဒါကလည်း အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာနိုင်ပါတယ်။ အသေးစိတ်လေးတွေကအစ ပိုကောင်းလာအောင် လုပ်ဆောင်သွားရမယ်။ အတူပူးပေါင်း ကစားကြရင်းနဲ့ ရရှိလာမယ့် အတွေ့အကြုံတွေနဲ့သာ ဒါတွေကို လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ အချက်အလက်တွေက ကောင်းမွန်နေသလောက် ထိုက်တန်တဲ့ ရလဒ်မျိုးတွေ ရှိမနေဘူးဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ကိုယ့်လုပ်ငန်းစဉ်အပေါ်မှာပဲ ယုံကြည်မှုကို အပြည့်အဝ ထားရှိသင့်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။