ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက သူဟာ လာမယ့်ရာသီမှာ ချယ်လ်ဆီးနည်းပြ အဖြစ် ဆက်ရှိ ၊ မရှိကို လာမယ့်အပတ်ထဲမှာပဲ အတိအကျ သိရလိမ့်မယ်လို့ နော်တင်ဟမ် ဖောရက်စ်နဲ့ ချယ်လ်ဆီးပွဲ အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၆နှစ် အရွယ် အာဂျင်တီးနားလူမျိုး နာမည်ကြီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ် တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

ပိုချက်တီနိုက ချယ်လ်ဆီးနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ပြီးနောက် ငွေကြေးများစွာ အကုန်အကျခံကာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ တန်ကြေးမြင့် ကစားသမားတွေ ဖြစ်ကြတဲ့ ကိုင်စီဒို ၊ လာဗီယာ ၊ အန်ကွန်ကူ စတဲ့ ကစားသမားတွေက အခုချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

အားကိုးတကြီး ခေါ်ယူခဲ့တဲ့ ကစားသမားတွေက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့်ပဲ ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်ခဲ့ပြီး မန်ချက်စတာ စီးတီးကနေ မထင်မှတ်ပဲ ရောက်ရှိလာတဲ့ ကိုးလ် ပါလ်မာက သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့တာကြောင့်သာ ချယ်လ်ဆီးဟာ နောက်ပိုင်းမှာ ရလဒ်တွေ ပြန်လည် တည်ငြိမ်လာခဲ့တာပါ။

Photo Credit: Goal

ရလဒ်တွေက အကောင်းဘက်ကို ပြန်ရောက်လာပေမယ့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦး ခန့်အပ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ကာ ပိုချက်တီနိုကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတခုကို ၁ပတ် အတွင်းမှာ သိရတော့မယ်လို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “လာမယ့် ၁ပတ်အတွင်းမှာ ကျွန်တော်တို့က ကျွန်တော်ဟာ ချယ်လ်ဆီးနည်းပြ အဖြစ် ဆက်ရှိနေမလား ၊ မရှိဘူးလား ဆိုတာကို သိရပါလိမ့်မယ်။ အသင်းပိုင်ရှင်တွေက အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေမယ် ဆိုရင် ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူး။ ၁ပတ် အတွင်းမှာ ကျွန်တော့်ရဲ့ အနာဂတ် အတွက် တိကျတဲ့ အဖြေတခုကို သိရမှာတော့ သေချာပါတယ်။ အနာဂတ် မတည်မငြိမ် ဖြစ်နေတာက ကျွန်တော့်အပေါ် မထိခိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်နေတဲ့ လူတွေအပေါ် သက်ရောက်မှုတော့ ရှိပါတယ်။ ကျွန်တော့်ကို ရာထူးကနေ ထုတ်မယ် ဆိုလည်း ပြဿနာ မရှိပါဘူး။ အဲ့ဒါက ဘောလုံးအသင်းတိုင်းမှာ ဖြစ်တတ်တဲ့ ကိစ္စလေးပါ” လို့ ပြောကြားသွားခဲ့တာပါ။