ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီမှာ ရလဒ်တွေ ဆိုးနေကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး ချယ်လ်ဆီးက ဘရိုက်တန်နဲ့ပွဲမှာ သုံးခဲ့တဲ့ လူစာရင်းကို ၂နေရာသာ အပြောင်းအလဲ လုပ်ကာ ပွဲထွက်လာခဲ့ပြီး ပွဲပယ်ခံထားရတဲ့ ဂါလက်ချာရဲ့ နေရာမှာတော့ ပါလ်မာက ဝင်ကစားခဲ့ပါတယ်။

Photo Credit: Sky Sports

တဖက်မှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို ၃နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ဘစ္စကာရဲ့ နေရာမှာ လင်ဒီလော့ဖ် ၊ မိုင်နူးရဲ့ နေရာမှာ အမ်မရာဘက်နဲ့ ရက်ဖို့ဒ်ရဲ့ နေရာမှာ အန်တိုနီတို့ကို ထည့်သွင်း ကစားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ရမှတ်တွေ လိုအပ်နေတာကြောင့် နှစ်သင်းစလုံးက ပွဲစတာနဲ့ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးထက် ကစားကွက် ပိုသာခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ၂ဆကျော် ပိုရခဲ့ပါတယ်။

အဆိုပါပွဲမှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ဂိုးသွင်းခွင့် ၂၈ကြိမ် ရခဲ့ပြီး ချယ်လ်ဆီးကတော့ ဂိုးသွင်းခွင့် ၁၃ကြိမ်သာ ရခဲ့ပါတယ်။ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၉မိနစ်နဲ့ ၆၉မိနစ်တွေမှာ တော်မီနေး တဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၅မိနစ်မှာ ပါလ်မာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Football London

မန်ချက်စတာ ယူနိုက်တက် ၂-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက သူ့ရဲ့ ကစားသမားတွေဟာ ဘရိုက်တန်နဲ့ပွဲမှာ ၁ယောက်လျော့နဲ့ မိနစ် ၆၀ ဝန်းကျင် ကစားခဲ့ရတာကြောင့် ပွဲပန်းနေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ကစားပုံမျိုးကို ပြသခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “မန်ချက်စတာ ယူနိုက်တက်ဟာ ဒီပွဲရဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ သူတို့က ခွန်အားအပြည့်နဲ့ အားကြိုးမာန်တက် ကစားသွားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ၁ယောက်လျော့ အနေအထားနဲ့ မိနစ် ၆၀လောက် ကစားခဲ့ရတာကြောင့် ဒီနေ့ပွဲမှာ ပင်ပန်းနေကြပုံပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။