ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် မော်ရီစီယို ပိုချက်တီနိုက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အဖြစ် ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ မိနစ် ၅၀ကျော် ကစားသမား တယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ဘန်လေတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အိမ်ရှင် ချယ်လ်ဆီးက အဆင့်(၁၀) အတွင်း ဝင်နိုင်ရေး အတွက် အနိုင်ရလဒ် ရရှိအောင် ကြိုးစား ကစားခဲ့သလို ဘန်လေကလည်း တန်းတင်ကျန်ရစ်ဖို့ အကောင်းဆုံး ရုန်းကန်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဘန်လေကို တရစပ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၀မိနစ်မှာ ဘန်လေ ညာနောက်ခံလူ အာဆစ်နွန်က ချယ်လ်ဆီး တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်အပေါ် ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရသလို ချယ်လ်ဆီးကလည်း ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ပါလ်မာက အကောင်းဆုံး ကန်သွင်းကာ အိမ်ရှင်တွေ အတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ရရှိပြီးနောက် ချယ်လ်ဆီးက ကစားပုံ အနည်းငယ် လျော့သွားခဲ့ပြီး ချယ်လ်ဆီး ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု လျော့နည်းသွားတာကို အခွင့်ကောင်း ယူကာ ဒုတိယပိုင်း အစမှာပဲ ဘန်လေအသင်းခေါင်းဆောင် ကူလန်က ဧည့်သည်အတွက် ပထမ ချေပဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် ပွဲချိန် ၇၇မိနစ်မှာ ချယ်လ်ဆီးရဲ့ အားကိုးရာ ပါလ်မာက အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် ၈၁မိနစ်မှာ ဘန်လေ နောက်ခံလူ အိုရှေးလ်က ဧည့်သည်တွေ အတွက် သရေတမှတ် သေချာစေမယ့် ချေပဂိုးကို ပြန်သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Goal

တန်းဆင်းဇုန်ထဲက ဘန်လေကို ကစားသမား တယောက် အသာစီး ရနေချိန်မှာတောင် အနိုင်မရခဲ့တဲ့ အတွက် ချယ်လ်ဆီးပရိသတ်တွေက အသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြချုပ် ပိုချက်တီနိုကို အတော်လေး ဒေါသထွက်နေပြီး ပိုချက်တီနိုကလည်း အနိုင်ရသင့်တဲ့ပွဲကို အနိုင် မကစားနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်းနဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ဒီနေ့ပွဲ အတွက် တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ အားထုတ်မှု ၊ စွမ်းဆောင်ရည်နဲ့ ဆာလောင်မှုတို့ကို မပြသနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က အတော်လေး စိတ်ပျက်နေပါတယ်။ ဒီပွဲလိုမျိုး မဖြစ်မနေ အနိုင်ယူရမယ့် ပွဲကို အနိုင်ရအောင် မကစားနိုင်ခဲ့တာကို လက်ခံဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကစားသမားတွေကိုပဲ အပြစ်တင်နေလို့ မရပါဘူး။ အသင်းမှာ ရှိတဲ့ လူတိုင်းကို အပြစ်တင်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။