ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ၂-၂ ဆိုတဲ့ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ၃ရက် ၁ပွဲနှုန်း ကန်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် ဇယားအောက်ဆုံးကို ရောက်နေတဲ့ ရှက်ဖီးလ် ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ ရှက်ဖီးလ် ယူနိုက်တက်က ချယ်လ်ဆီးကို အကောင်းဆုံး အံတု ကစားသွားခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးက ပွဲချိန် ၁၁မိနစ်မှာတင် ဝါရင့် ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးက ကစားအား ကျသွားခဲ့တာကြောင့် ပွဲချိန် ၃၂မိနစ်မှာတင် ညာတောင်ပံ ကစားသမား ဘိုဂယ်လ်က ရှက်ဖီးလ် ယူနိုက်တက် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေကျသွားပြီးနောက် ချယ်လ်ဆီးက အနိုင်ဂိုး ရရှိဖို့ ဖိအားပေး ကစားလာခဲ့ပြီး ပွဲချိန် ၆၆မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား မာဒူအက်ခီက ချယ်လ်ဆီးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိပြီးနောက် ချယ်လ်ဆီးက ထုံးစံအတိုင်းပဲ နောက်ထပ် အနိုင်ဂိုးတွေ ထပ်သွင်းမယ့် အစား အနိုင်ဂိုးကို ထိန်းကစားဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၉၀+၃မိနစ်မှာတော့ မက်ဘာနီက ရှက်ဖီးလ် ယူနိုက်တက် အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Chelsea FC

၂ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ရှက်ဖီးလ် ယူနိုက်တက်ကို အနိုင် မကစားနိုင်ခဲ့တဲ့ အပေါ် ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုက စိတ်ပျက်နေသလို သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဟာ ၃ရက် ၁ပွဲနှုန်း ကစားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်က ဒီစကားတွေကို ခဏခဏ ပြောနေသလို ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ထပ်ပြောပါဦးမယ်။ ခင်ဗျားတို့တွေက ကျွန်တော်တို့ရဲ့ ပွဲတွေကို တောက်လျှောက် ကြည့်ခဲ့မယ် ဆိုရင် ခင်ဗျားက ကစားသမားတွေရဲ့ ကစားပုံကို ကြည့်လိုက်တာနဲ့ ကျွန်တော်တို့အသင်းက ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလား ၊ မဖြစ်သေးဘူးလား ဆိုတာကို အတိုင်းသား မြင်နိုင်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားသမားတွေက ပွဲကစားဖို့ အဆင်သင့် မဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ရဲ့ ကစားသမားတွေက ၃ရက် ၁ပွဲနှုန်း ကစားဖို့ မရင့်ကျက်သေးဘူး ထင်ပါရဲ့ဗျာ” လို့ မချိတင်ကဲ ပြောကြားသွားခဲ့တာပါ။