မနေ့ညက FA Cup စတုတ္ထအဆင့် ပွဲစဉ်ထဲ အက်စတွန် ဗီလာအသင်းကို ဗီလာပါ့ခ်ကွင်းမှာ (၁)ဂိုး (၃)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တဲ့ ပွဲဟာ ဒီရာသီရဲ့ စွမ်းဆောင်မှု အကောင်းဆုံးသော ပွဲစဉ်တစ်ပွဲပဲလို့ ချယ်လ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုလက်ထက်မှာ ရလဒ်ပိုင်းတွေ တည်ငြိမ်မှု မရှိပဲ နောက်ပိုင်း ကစားခဲ့တဲ့ လီဗာပူးလ် ဝုလ်ဗ်အသင်းတွေနဲ့ ပွဲစဉ်တွေထဲ (4-1) (2-4) ဆိုတဲ့ ရလဒ်ဆိုးတွေနဲ့ပါ ဆက်တိုက် အရှုံးပေးခဲ့ရပါတယ်။

Photo Credit : Chelsea Football Club

ဒါပေမယ့် ချယ်လ်ဆီးက ပြည်တွင်း ရှုံးထွက်ဖလားပြိုင်ပွဲဖြစ်တဲ့ လိဂ်ဖလားမှာလည်း ဖိုင်နယ်အထိ တက်လှမ်းထားနိုင်ခဲ့သလို အက်ဖ်အေဖလားမှာလည်း အခု ဗီလာအသင်းကို ကျော်ဖြတ်ပြီး ပဉ္စမအဆင့်ဆီ ရောက်ရှိထားခဲ့ရပါတယ်။ ချယ်လ်ဆီးက ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံခဲ့ရတဲ့ ပွဲစဉ်ထဲ ဂိုးမရှိ သရေကျခဲ့လို့ အဝေးကွင်းတွင် ပြန်ကစားခဲ့ရာ (1-3) နဲ့ အနိုင်ယူခဲ့ပါတယ်။

တကယ်တော့ ဗီလာဆိုတာက ဒီရာသီ ဗီလာပါ့ခ်မှာ တအားကောင်းလွန်းနေတာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာလည်း ရှက်ဖီးကို (၅)ဂိုးပြတ်နဲ့ပါ အပြတ်အသတ် အနိုင်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ခြေစွမ်းကောင်းနေတဲ့ ဗီလာကိုမှ အဝေးကွင်းပွဲစဉ် ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြ ပိုချက်တီနိုက “ကျွန်တော်ကတော့ အကောင်းဆုံး စွမ်းဆောင်မှုလို့ပဲ ထင်ပါတယ်။ အဝတ်လဲခန်းထဲမှာလည်း ကစားသမားတွေနဲ့ feelings တွေကို ဖလှယ်ခဲ့ကြပါသေးတယ်။ ဒီပွဲက ဒီရာသီရဲ့ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ အခိုက်အတန့်တစ်ခုကို ရောက်လာခဲ့တာဖြစ်ပြီး ဒီစွမ်းဆောင်ရည်အတွက်လည်း အရမ်းပျော်မိတယ်။”

“အသင်းကစားပုံကလည်း ကျွန်တော့်ကို ကျေနပ်စေပါတယ်။ ကျွန်တော်တို့က လူငယ်တွေ တည်ဆောက်ထားတဲ့ အသင်းပါ။ နောက်ပြီး ဒီလို အသင်းမျိုးက ခိုင်မာပြီး ခြေစွမ်းပိုင်း တသမတ်တည်း ရှိနေဖို့ဆိုတာကလည်း ခက်ခဲတယ်ဆိုတာကို သိထားပါတယ်။ နိုင်ပွဲတွေ ဖန်တီးနိုင်ဖို့ လိုအပ်နေတယ် ဆိုတာကိုလည်း ကျွန်တော် ပြောခဲ့ပြီးသားပါ။ အခုလို နိုင်ပွဲမျိုး ရတာကိုလည်း ကျွန်တော် တကယ် ကျေနပ်မိတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။