ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက သူဟာ ချယ်လ်ဆီးကစားသမားအတွက် သာမာန် နည်းပြတစ်ဦး မဟုတ်ပဲ အားလုံးကို ဦးဆောင်မယ့် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပါကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ရလဒ်တွေ ပြန်လည် ဆိုးရွှားလျက် ရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဝုလ်ဗ်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာပါ (2-4) နဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် နည်းပြ ပိုချက်တီနိုရဲ့ နည်းပြရာထူးပါ အခြေအနေ မဟန်သလို ဖြစ်လာခဲ့ရပါတယ်။

Photo : Sky Sports

အခုလည်း ချယ်လ်ဆီးက ဗီလာပါ့ခ်မှာ ဗီလာအသင်းနဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်ကို ယှဉ်ပြိုင်သွားရဦးမှာဖြစ်ပြီး အဲ့ဒီပွဲမှာသာ ထပ်မံ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပိုချက်တီနိုအနေအတွက် အခြေအနေ မကောင်းနိုင်တော့ပဲ သူရဲ့ရာထူးကို ကယ်တင်ပေးနိုင်မှာက လိဂ်ဖလားတစ်ခုတည်းသာ ကျန်နေတော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပိုချက်တီနိုကတော့ ဝုလ်ဗ်အသင်းနဲ့ ပွဲစဉ်အပြီးမှာပဲ အသင်းပိုင်ရှင်တွေဆီကနေ သိပ်ကောင်တဲ့ မက်ဆေ့ချ် ရရှိခဲ့ပြီး သူတို့အားလုံးဟာ အတူတကွ ရှိနေပါကြောင်း ဗီလာနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာခဲ့ပါတယ်။ “အခု ကျွန်တော်တို့အားလုံး တစ်စုတစ်စည်းတည်း ရှိနေပါတယ်။ ဒါက အရေးကြီးဆုံးပါပဲ။”

Photo : Fabrizio Romano

“ဒီနေ့ အစည်းအဝေးမှာလည်း ကစားသမားတွေကို မင်းတို့ကို ငါအရင်ကထက် ပိုပြီး ယုံကြည်တယ်လို့ ကျွန်တော် ပြောခဲ့ပါသေးတယ်။ နောက်ပြီး မင်းတို့ကို အရင်ကထက် ပိုပြီး ထောက်ပံ့ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်က သာမာန်နည်းပြတစ်ဦး မဟုတ်ပါဘူး။ ခေါင်းဆောင်တစ်ဦးပါ။”

“ကိုယ်တကယ် ယုံကြည်ရတဲ့ လုပ်ရပ်တိုင်းအတွက် ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အတွက် အချိန်လိုအပ်တယ် ဆိုတာကိုလည်း ပရိသတ်တွေက နားလည်ရပါမယ်။ ဒါက အသင်းတစ်သင်းကို အကောင်းဆုံး ဖန်တီးနေတာမို့ အချိန်ယူရပါမယ်။ လုံးဝကို အစကနေ တည်ဆောက်နေရတာမို့ လုံလောက်တဲ့ အချိန်တစ်ခုကို ယူရပါလိမ့်မယ်။” လို့ ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။