ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းရဲ့ တာဝန်ရှိသူတွေဟာ လာမယ့် ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် အခုထဲက ကြိုတင် ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစမှာ ချယ်လ်ဆီးဆီ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့လက်အောက်မှာ ချယ်လ်ဆီးက အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဖလားပြိုင်ပွဲတွေမှာတော့ ရလဒ်တွေ ကောင်းနေပါတယ်။

Photo Credit: Football Transfer

ချယ်လ်ဆီးက ဒီရာသီမှာ ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် အထိ ရောက်ရှိနေပြီး ချယ်လ်ဆီးက အက်ဖ်အေဖလား ၊ ဆီမီးဖိုင်နယ်မှာ မန်ချက်စတာ စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ချယ်လ်ဆီးက ရှုံးထွက်ပြိုင်ပွဲတွေမှာ ရလဒ်တွေ ကောင်းနေပေမယ့် အမှတ်ပေးပြိုင်ပွဲမှာတော့ အဆင့်(၉)နေရာ အထိ ရောက်ရှိနေတာကြောင့် ချယ်လ်ဆီးရဲ့ ပရိသတ် တချို့က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်စေချင်နေပေမယ့် ချယ်လ်ဆီးပိုင်ရှင်တွေကတော့ ပိုချက်တီနိုကို စာချုပ်အတိုင်း နောက်ထပ် ၁ရာသီ ဆက်ခန့်ထားဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ပိုချက်တီနိုက သူတို့အသင်းဟာ လာမယ့်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ အတွက် ယခုထဲက ကြိုတင် ပြင်ဆင်မှုတွေ စလုပ်နေပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်လာအောင် လာမယ့် နွေဈေးကွက် အတွင်းမှာ အားကိုးရမယ့် ကစားသမားသစ်တွေကို ခေါ်ယူသွားမယ်လို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့က လာမယ့် နွေဈေးကွက်မှာ အတွေ့အကြုံရင့် ကစားသမား တချို့ကို ခေါ်ယူဖို့ လိုအပ်ပါတယ်။ ပြီးတော့ လူငယ်ကြယ်ပွင့်တွေရောပေါ့။ ကျွန်တော်တို့က လာမယ့် ရာသီသစ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို (ဆုဖလားတွေ) ရယူနိုင်ဖို့ အတွက် အသင်းတွင်း အခြေအနေတွေကို ပြန်လည် စစ်ဆေးတာတွေ ၊ ရာသီသစ် အတွက် နည်းဗျူဟာတွေ စတဲ့ ကိစ္စတွေ အတွက် အခုထဲက ဆွေးနွေးမှုတွေ လုပ်နေပါပြီ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။