ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရချင်ပေမယ့် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရဖို့ မလွယ်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုက ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၂၅ခုနှစ် ဇွန်လ အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ပိုချက်တီနိုက ချယ်လ်ဆီးကို တာဝန်ယူပြီးနောက် ပေါင် ၃၀၀သန်းကျော် အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို သူ့စိတ်ကြိုက် စီမံ ခန့်ခွဲနေပေမယ့် သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ကစားပုံရော ၊ ရလဒ်ပိုင်းပါ ထင်သလောက် တိုးတက်လာခြင်း မရှိသေးပါဘူး။

ပိုချက်တီနိုရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ပရီးမီးယားလိဂ်ပွဲ ၁၅ပွဲ ကစားခဲ့ရာ ၅ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၆ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး ပွဲစဉ်(၁၅) အပြီးမှာ ရမှတ် ၁၉မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Bein Sports

ချယ်လ်ဆီးက အဆင့်(၁၀)နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာနဲ့ ရမှတ် ၁၁မှတ် ကွာဟနေပြီး ပိုချက်တီနိုကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပေမယ့် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်တော့ကြောင်း အဲဗာတန်နဲ့ ချယ်လ်ဆီးပွဲ အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

ပိုချက်တီနိုက – “ကျွန်တော်တို့က အနာဂတ်မှာ အောင်မြင်မှုတွေ ယူမယ့် အသင်းကို တည်ဆောက်နေတာပါ။ ကျွန်တော်တို့က အသင်းကို တည်ဆောက်ဆဲ ကာလမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကြိုသိထားကြပါတယ်။ ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည် ပါဝင်ခွင့် ရဖို့ အဆင့်(၄)အတွင်း ဝင်အောင် တိုက်ပွဲဝင်ပါမယ်။ အခုချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မရတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ ရကောင်း ရပါလိမ့်မယ်။ ဘယ်အချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ လာမယ့် ၁နှစ် အတွင်း ဖြစ်နိုင်သလို လာမယ့် ၆လအတွင်းလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့တွေ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။