ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နည်းပြချုပ် ဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဗိုလ်လုပွဲ တက်နိုင်ဖို့ အတွက် အရေးကြီးတဲ့ ဒုတိယအကျော့ပွဲမှာ မစ်ဒယ်ဘရော့ကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားမယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ပိုချက်တီနို ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ မိုက်ကယ် ကာရစ် ဦးဆောင်နေတဲ့ မစ်ဒယ်ဘရော့နဲ့ ထိပ်တိုက် တွေ့ဆုံနေကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မစ်ဒယ်ဘရော့နဲ့ ချယ်လ်ဆီးတို့က ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် မစ်ဒယ်ဘရော့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Goal

မစ်ဒယ်ဘရော့နဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်မှာ ဧည့်သည် ချယ်လ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ၊ ဂိုးပေါက် ကန်သွင်းနိုင်မှု စတဲ့ အပိုင်းတွေမှာ အိမ်ရှင်အသင်းထက် သာလွန်ခဲ့ပေမယ့် ကစားသမားတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှုကြောင့် သွင်းဂိုးတွေ မရခဲ့ပဲ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ပထမအကျော့မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးက လာမယ့် ဇန်နဝါရီလ ၂၄ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ မစ်ဒယ်ဘရော့ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေသလို ၂ဂိုးပြတ် အနိုင်ယူနိုင်မှ ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုကတော့ သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံး ဆုဖလား ဖြစ်လာနိုင်တဲ့ ကာရာဘောင်းဖလားကို လက်လွှတ်ဖို့ စိတ်ကူးမရှိပဲ သူတို့အသင်းဟာ ဒုတိယအကျော့မှာ မစ်ဒယ်ဘရော့ကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားမယ်လို့ ဆိုလာပါတယ်။

ပိုချက်တီနိုက – “ကိုင်စီဒိုက သူ့ရဲ့ အသင်းဟောင်း ဘရိုက်တန်လည်း ပြီးခဲ့တဲ့ရာသီမှာ မစ်ဒယ်ဘရော့ကို အဝေးကွင်းမှာ ရှုံးခဲ့တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အသင်းအတော်များများက မစ်ဒယ်ဘရော့ရဲ့ အိမ်ကွင်းမှာ ကစားရတိုင်း ရှုံးတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဗိုလ်လုပွဲ မျှော်လင့်ချက် ရှင်သန်နေဆဲပါ။ စတမ်းဖို့ဒ် ဘရေ့ချ်ကို ရောက်ရင် ဗိုလ်လုပွဲ တက်နိုင်ဖို့ အတွက် ကျွန်တော်တို့က အစွမ်းကုန် တိုက်ပွဲဝင်သွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။