ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက သူတို့အသင်းဟာ ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အရှုံးရလဒ်နဲ့ ထိုက်တန်မှု မရှိခဲ့ဘူးလို့ ညည်းတွား ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ Molineux ကွင်းမှာ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်အတွင်း ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဝုလ်ဗ်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် နောက်ဆုံး ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း (၄)ပွဲဆက်တိုက်အထိ ရှုံးပွဲဆက်သွားခဲ့ရပါတယ်။

Photo Credit : AP News

အခုဆိုရင် နည်းပြ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် (၁၈)ပွဲ ကစားပြီးချိန် ရှုံးပွဲ (၈)ပွဲအထိ ရှိထားခဲ့ရသလို ရမှတ် (၂၂)မှတ်သာ ရှိနေပါသေးတယ်။ အမှတ်ပေးဇယားရဲ့ အဆင့် (၁၀)နေရာမှာ ရပ်တည်နေရတဲ့ ချယ်လ်ဆီးက Top 4 နေရာနဲ့လည်း (၁၄)မှတ်အထိလည်း ရမှတ် ကွာဟလျက် ရှိနေရပါတယ်။

အခုလည်း (၈)ပွဲမြောက် ရှုံးပွဲနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ထိုက်တန်တယ်လို့ ကျွန်တော် ထင်မိလို့ အရမ်းကို စိတ်ပျက်မိခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ အဆုံးသတ်ပိုင်း လုံလောက်မှု မရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ နာကျင်စေရလိမ့်မယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့တယ်။”

Photo Credit : Reuters

“အဲ့ဒါကြောင့် ကျွန်တော် အရမ်းစိတ်ပျက်မိခဲ့ရတာ။ ကျွန်တော်တို့ ထောင့်ကန်ဘောတွေကနေ ဂိုးတွေ ပေးခဲ့ရပြီး ဒါဟာ တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော်တို့က ငယ်ရွယ်နုပျိုတဲ့ အသင်းဆိုတာကို ရာသီအစမှာကတည်းက အများကြီး ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီက ကစားသမားတွေထဲ ဒီလိဂ်မှာ ပထမဆုံးအကြိမ် ကစားဖူးသူတွေလည်း ရှိနေပါသေးတယ်။ သူတို့က လိုက်လျောညီထွေ ရှိဖို့လည်း လိုအပ်နေပါတယ်။”

“ပွဲတွေကို အနိုင်ရချင်ရင် ကျွန်တော်တို့ ဂိုးတွေသွင်းဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က ဂိုးမသွင်းနိုင်ရင်တောင် ဂိုးတွေ မပေးရအောင် ထိန်းထားရပါလိမ့်မယ်။ ကျွန်တော်တို့က ထောင့်ကန်ဘောတွေကနေ ဂိုးတွေ အများကြီး ပေးနေရပါတယ်။ ကျွန်တော်တို့တွေ ဆက်ပြီး တွန်းအားပေးသွားဖို့ လိုပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။