မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သောမတ်စ် တူဟယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် နောက်ပိုင်းမှာ အဆင်မပြေခဲ့လို့ တူဟယ်လ်ကိုယ်တိုင် ဆွေးနွေးမှုကို ရပ်နားလိုက်ပြီဆိုပြီး ထုတ်ပြန်ခဲ့သလို မော်ရစ်စီယို ပိုချက်တီနိုကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်သွားဖွယ်လည်း မရှိဘူးလို့ The Telegrpah ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းကို (၂)ရာသီ ကိုင်တွယ်ပြီး ပထမဆုံးရာသီမှာ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ၊ ဒုတိယမြောက်ရာသီမှာ အက်ဖ်အေဖလားတို့ အရ ယူပေးခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ကာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့အတွက် အမှန်အကန် လုပ်ဆောင်လို့နေပါတယ်။

Photo Credit : Goal

လက်ရှိ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်က တန်ဟက်ဂ်နေရာအတွက် ဆောက်ဂိတ် ၊ တူဟယ်လ် ၊ ပိုချက်တီနိုတို့နဲ့ အစားထိုးသွားဖို့အတွက် ပစ်မှတ်ထားလျက် ရှိနေပြီး တူဟယ်လ်နဲ့ကတော့ အကြိမ်ကြိမ် ဆွေးနွေးမှုတွေ အပြီးမှာပဲ တူဟယ်လ်ကိုယ်တိုင်ကပါ ယူနိုက်တက် အပါအဝင် ဘယ်အသင်းကိုမှ ကိုင်တွယ်ဦးမှာမဟုတ်ပဲ ဒီနွေမှာ အနားယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအချိန်မှာ ကျန်တဲ့ နည်းပြတွေထဲ ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုလည်း ကျန်ရှိသေးပေမယ့် Telegraph က Jason Burt ရဲ့ အဆိုအရ ပိုချက်တီနိုဟာလည်း ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖွယ် မရှိဘူးလို့ ဖော်ပြထားသလို အခု အသင်းနဲ့ သတင်းထွက်နေတာကတော့ ဘရိုက်တန်နည်းပြဟောင်း ရောဘတ်တို ဒီဇာဘီ ဖြစ်လာပါတယ်။

Photo Credit : Football365

တကယ်တော့ လက်ရှိအသင်းနည်းပြ တန်ဟက်ဂ်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း (၁)နှစ်တည်းသာ ကျန်ရှိနေတော့မို့ တန်ဟက်ဂ်ကိုပဲ သူရဲ့ စာချုပ်ကုန်ဆုံးချိန်အထိ အသင်းမှာ နေရာ ဆက်ပေးသွားဖို့ ယူနိုက်တက် ပရိသတ်တွေက ဆန္ဒရှိနေပေမယ့်လည်း အသင်းရဲ့ ပူးတွဲပိုင်ရှင်တွေဘက်ကတော့ သူတို့နဲ့ လုံးဝ အဆင်ပြေနိုင်မယ့် နည်းပြနဲ့ လက်တွဲသွားဖို့အတွက် နည်းပြအပြောင်းအလဲသာ လုပ်ဆောင်သွားချင်နေပါတယ်။

အခုထိလည်း တန်ဟက်ဂ် အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပဲ တခြားနည်းပြတွေနဲ့သာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ လုပ်ရပ်များအပေါ် တန်ဟက်ဂ်အနေနဲ့လည်း စိတ်ပျက်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တန်ဟက်ဂ်ကတော့ အသင်းမှာ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့အထိ ယူနိုက်တက်နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားချင်မှာတော့ သေချာပါတယ်။