ဒီရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ရာထူးကို စွန့်လွတ်လိုက်ရတဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ချယ်လ်ဆီး နည်းပြ မော်ရီစီယို ပိုချက်တီနိုက ဒီနွေဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးအသင်းဆီ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

   ၂၀၁၉ခုနှစ်ကတည်းက လက်စတာကနေ မန်ယူနိုက်တက်အသင်းဆီ ပေါင် သန်း (၈၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အသင်းခေါင်းဆောင် ရာထူးပါ လက်ခံ ရရှိခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ လက်စတာကလို ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်နေရတဲ့အပြင် အသင်းခေါင်းဆောင်ကောင်း တစ်ဦးလိုပါ မစွမ်းဆောင်နိုင်လို့ ဝေဖန်မှုတွေ အတော်လေး ရင်ဆိုင်နေရပါတယ်။ ပိုဆိုးတာကတော့ ယူနိုက်တက်ဆီ နည်းပြ တန်ဟက်ဂ် ရောက်လာချိန်မှာ မက်ဂွိုင်းယားက နေရာ ပျောက်လာရပြီး အခုလည်း သူရဲ့ အသင်းခေါင်းဆောင် ရာထူးကိုပါ လက်လွတ်လိုက်ရပြီ ဖြစ်ပါတယ်။

Photo Credit : Football365

   ဒီလို အခြေအနေမှာ မက်ဂွိုင်ယားကတော့ အသင်းခေါင်းဆောင်အဖြစ် ဖယ်ရှားခံရသည့်တိုင် ယူနိုက်တက်အတွက်ကိုသာ ကြိုးစားပေးသွားဦးမယ်လို့ ဆိုထားပေမယ့် တကယ်လို့ ဆက်ပြီး နေရာ ပျောက်နေဦးမယ်ဆိုရင် လာမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မက်ဂွိုင်းယားအနေနဲ့ နွေဈေးကွက် ဖွင့်လှစ်နေတုန်းမှာ အသင်း ပြောင်းရွှေ့န်ိုင်သေးတာကြောင့် သူ့ကို ဝက်စ်ဟမ်းက အငှားနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ယူနိုက်တက်ကတော့ ပယ်ချထားပါတယ်။

Photo Credit : Clutuch Points

   ဒီအချိန်မှာ လွန်ခဲ့တဲ့ (၇)နှစ်ကတည်းက မက်ဂွိုင်းယားရဲ့ ခြေစွမ်းတွေကို သဘောကျခဲ့တဲ့ ပိုချက်တီနိုက အသင်း ခံစစ်ပိုင်းအတွက် မက်ဂွိုင်းယားကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ လက်ရှိ ချယ်လ်ဆီး ခံစစ်မှာ အက်ဇ်ပီလီကွယ်တာ ကူလီဘလီတို့ အသင်းကနေ ထွက်ခွာထားပေမယ့် အသင်းရဲ့ ဗဟို ခံစစ်နေရာမှာ သီယာဂို ဆေးလ်ဗား ၊ ဘာဒီအက်ရှီလီ ၊ ချာလိုဘာ နဲ့ ဘရိုက်တန်ကနေ ပြန်ရောက်လာတဲ့ ကော့ဝဲလ်လည်း ရှိနေသေးတာကြောင့် ချာလိုဘာ ဒါမှမဟုတ် ကော့ဝဲလ် တစ်ဦးဦး ထွက်ခွာသွားမှသာ မက်ဂွိုင်းယားကို ချဉ်းကပ်လာနိုင်ပါတယ်။