The Athletic ရဲ့ သတင်းဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်း နည်းပြဟောင်းဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ အမေရိကန် လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့အတွက် အလွန် ရေပန်းစားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

အမေရိကန်အသင်းဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဥရုဂွေး ပနားမား ဘိုလစ်ဗီးယားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရင်း အုပ်စုအဖွင့်ပွဲမှာပဲ ဘိုလစ်ဗီးယားကို အနိုင်ခဲ့ကာ ပနားမားနဲ့ ဥရုဂွေးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : CNN

ဒီအခြေအနေတွေကြောင့် အမေရိကန် ဘောလုံးအဖွဲ့ချုပ်က အသင်းနည်းပြ ဘာဟယ်လ်တာကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ထိပ်တန်းနည်းပြတစ်ဦးကို အစားထိုး ခန့်အပ်ဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။ ကနဦးပိုင်းမှာတော့ အမေရိကန်ဟာ လီဗာပူးလ်အသင်း နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ကို ကြိုးပမ်းခဲ့သေးပေမယ့် အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို ကလော့ပ်က ပယ်ချခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် နည်းပြအများအပြားကို ပစ်မှတ်ထားလျက် ရှိနေရာ အဲ့ဒီထဲကမှ ချယ်လ်ဆီး စပါး ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ပိုချက်တီနိုက အမေရိကန် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Photo Credit : Chelsea FC

နည်းပြဘဝအတွင်းမှာ နိုင်ငံအသင်းတွေကို လုံးဝ ကိုင်တွယ်ခဲ့ဖူးခြင်း မရှိတဲ့ ပိုချက်တီနိုဟာ ဥရောပ ဘောလုံးနယ်ပယ်မှာတော့ အတွေ့အကြုံလည်းရှိ ပုံရိပ်မြင့်မားတဲ့ နည်းပြလည်း ဖြစ်နေတာကြောင့် အမေရိကန် ဘောလုံးပရိသတ်တွေအတွက် အလွန် သဘောကျစေနိုင်မှာ သေချာပါတယ်။

လက်ရှိ အမေရိကန်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွှက်နေတဲ့ မတ် ခရိုကာက ဆောက်သမ်တန်အသင်းမှာတုန်းက နည်းပြ ပိုချက်တီနိုနဲ့အတူ တွဲဖက် အလုပ်လုပ်ဆောင်ခဲ့ဖူးတာဖြစ်ပြီး အခုလည်း ပိုချက်တီနိုကို အမေရိကန် နည်းပြသစ် ဖြစ်လာဖို့အတွက် အစွမ်းကုန် ဆောင်ရွှက်သွားဖို့လည်း ရှိနေပြန်ပါတယ်။