ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက လက်စတာအသင်းကို အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အနိုင်ယူ ကျော်ဖြတ်ပြီး အက်ဖ်အေဖလားကိုပါ ဗိုလ်စွဲနိုင်တဲ့အထိ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ဆုဖလား မျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားတစ်ခုတည်းသာ ကျန်ရှိနေတော့ပြီး လိဂ်ဖလားမှာတော့ ဖိုင်နယ်အထိ တက်လှမ်းခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရင်း ဒုတိယနဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။

Photo Credit : Reuter

ချယ်လ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်မှာလည်း ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေတဲ့အတွက် လာမယ့်ရာသီ ဥရောပပြိုင်ပွဲ တစ်ခုခုကို ဝင်ရောက် ဆင်နွဲဖို့က အက်ဖ်အေဖလားကို ရယူပြီး ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်းဖရန့်စ်လိဂ်ကို ဝင်ရောက်နိုင်မယ့် လမ်းကြောင်းကိုသာ ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ ပိုချက်တီနိုက “အသင်းအပေါ် မျှော်လင့်ချက်က မြင့်မားကောင်းမြင့်မားနိုင်မယ် နိမ့်ကျကောင်းနိမ့်ကျနိုင်မယ် ဆိုပေမယ့် ကစားသမားတွေရဲ့ စိတ်ခံစားချက်တွေကသာ ဒီပွဲအပေါ်မှာ ပိုမို မူတည်နေပါလိမ့်မယ်။”

Photo Credit : The Chelsea Chornicle

“လက်စတာကို အနိုင်ယူဖို့ဆိုတာ ကျွန်တော်တို့အသင်းအတွက် ကြီးမားတဲ့ အရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝင်ဘာလေမှာ နောက်တစ်ကြိမ် ကစားရမယ့် အခွင့်အရေးဆိုတော့လေ။ နောက်ထပ် ဖိုင်နယ်ပွဲတစ်ပွဲကို ကစားရမယ့် အခွင့်အရေးနဲ့ ဥရောပဝင်ခွင့် ရရှိနိုင်မယ့် အခွင့်အရေးတွေအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်သွားရမယ်။”

“ဒါက ကျွန်တော်တို့အသင်းအတွက် ကြီးမားတဲ့ အရာတစ်ခုပါပဲ။ အသင်းက ကစားသမားတချို့ဆိုရင် လိဂ်ဖလား ဖိုင်နယ်ပွဲမတိုင်ခင်ကတည်းက အိပ်လို့မပျော်တဲ့သူတောင် ရှိနေခဲ့သေးတယ်။ ဒီအခြေအနေမှာ ဒီအတွေ့အကြုံနဲ့ ပတ်သက်ပြီး ပိုကောင်းအောင် လုပ်သွားရမယ်။ အတွေ့အကြုံတွေ ရှုံးနိမ့်ခဲ့ခြင်းတွေကနေ သင်ခန်းစာ ယူသွားရပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။