ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပဲ ရာသီကုန်မှသာ ပိုချက်တီနိုရဲ့ အနာဂတ် အတွက် စဉ်းစား ဆုံးဖြတ်မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို ယခုနှစ် ဘောလုံးရာသီ အစကမှ ၂နှစ်စာချုပ်နဲ့ ခေါ်ယူ ခန့်အပ်ထားတာ ဖြစ်ပြီး ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅၀သန်းကျော် အကုန်အကျခံကာ ပိုချက်တီနို အတွက် ကစားသမားသစ်တွေ ဝယ်ယူပေးခဲ့ပါတယ်။

Photo Credit: Football Transfer

ချယ်လ်ဆီးက ပိုချက်တီနို အတွက် အန်ကွန်ကူ ၊ ပါလ်မာ ၊ နီကိုလပ်စ် ဂျက်ဆန် ၊ ဒီဆာဆီ ၊ ကိုင်စီဒို ၊ လာဗီယာ ၊ ရော်ဘတ် ဆန်းချက်ဇ် ၊ အူဂိုချူကူ ၊ ပီထရိုဗစ် စတဲ့ အရည်အသွေးမြင့် ကစားသမား များစွာကို ဝယ်ယူပေးခဲ့ပေမယ့် ပိုချက်တီနိုက အခုချိန်အထိ ရှိရင်းစွဲ ကစားသမားတွေနဲ့ ကစားသမားသစ်တွေကို ပေါင်းစပ်ကာ အသင်းနဲ့ လိုက်ဖက်ညီမယ့် ကစားကွက် တခုကို မချမှတ်နိုင်သေးပါဘူး။

ပိုချက်တီနိုရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်ထားနိုင်ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲဆက် ပေးဂိုး ၄ဂိုးစီ ပေးရကာ အရှက်တကွဲ ရှုံးနိမ့်ထားသလို ပွဲစဉ်(၂၃) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၁) နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြပေမယ့် ရာသီမကုန်ခင်မှာ ပိုချက်တီနိုကို ထုတ်ပယ်လိုက်ရင် ပေးရမယ့် လျော်ကြေး ပေါင် ၁၀သန်းကျော်ကြောင့် ဘဏ္ဍာရေးစည်းမျဉ်းအား ချိုးဖောက်မိမှာကို စိုးရိမ်တာကြောင့်ပဲ ရာသီကုန် အထိ ဆက်ခန့်ထားပြီး ရာသီကုန်မှသာ ပိုချက်တီနိုရဲ့ အနာဂတ် အတွက် ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း ပိုချက်တီနိုဟာ ရာသီကုန်ချိန် အထိ ချယ်လ်ဆီးမှာ ဆက်နေဖို့ များကြောင်း တညီတညွတ်ထဲ ဖော်ပြထားကြသလို ကာရာဘောင်းပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ရင် ပိုချက်တီနိုက လာမယ့်ရာသီမှာပဲ ချယ်လ်ဆီးနည်းပြချုပ် အဖြစ် ဆက်လက် တာဝန်ယူရဖွယ် ရှိနေတယ်လို့ ဆိုကြပါတယ်။