ဒီနေ့မနက်အစောပိုင်း ချယ်လ်ဆီးနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်ချယ်လ်ဆီးက ဂိုးဒါဇင်ဝက်အထိ သွင်းယူပြီး ဂိုးအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိရာမှာတော့ ပင်နယ်တီကို လုကန်ကြတဲ့ ဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အပေါ် နည်းပြ ပိုချက်တီနိုက သတိပေး ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ ဒီပွဲမတိုင်ခင် ရှက်ဖီးလို အသင်းမျိုးကို နာကျင် အချိန်ပို ချေပဂိုးနဲ့ သရေကျခဲ့ရပေမယ့်လည်း အခု အဲဗာတန်နဲ့ ပွဲစဉ်မှာတော့ (၆)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီး ဒီရာသီ အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြသနေတဲ့ ကိုး ပါလ်မာဟာလည်း တစ်ပွဲတည်းမှာ (၄)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Reuters

ဒီလို ဂိုးပြတ်နိုင်ပွဲဟာ ချယ်လ်ဆီးအတွက် ပြီးပြည့်စုံတဲ့ နိုင်ပွဲဖြစ်ခဲ့ရပေမယ့်လည်း ပဉ္စမမြောက် သွင်းဂိုးဖြစ်လာမယ့် ပင်နယ်တီ ကန်သွင်းရမယ့်အချိန်မှာ ချယ်လ်ဆီးရဲ့ ပုံမှန် ပင်နယ်တီ ကန်သွင်းသူဖြစ်တဲ့ ပါလ်မာဆီကနေ မာဒူအက်ကေးနဲ့ နီကိုလပ်စ် ဂျက်ဆင်တို့က ပင်နယ်တီလုကန်ဖို့ ရုပ်ပျက်ဆင်းပျက် ကြိုးပမ်းလာပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ ပိုချက်တီနိုက “ပါလ်မာက ပုံမှန် ပင်နယ်တီ ကန်သွင်းရမယ့် ကစားသမားပါ။ နောက်တစ်ခါ ဒီလို ထပ်အဖြစ်မခံပါဘူး။ အခုလို ကလေးဆန်တဲ့ အပြုအမှုမျိုးတွေကို ထပ်ပြီး အဖြစ်မခံပါဘူး။”

Photo Credit : Livescore

“ဒီလို ပင်နယ်တီလုကန်တာက ရှက်စရာကောင်းပါတယ်။ ဒီလို အပြုအမှုမျိုးကို ကျွန်တော် နောက်ဆုံးအကြိမ်အဖြစ်ပဲ လက်ခံမယ်လို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ဒါက ဟာသမဟုတ်ပါဘူး။ နောက်တစ်ခါ ထပ်ပြောပါမယ်။ ကိုး ပါလ်မာကသာ ပုံမှန် ပင်နယ်တီ ကန်သွင်းသူပါ။”

“ဒါက ဟာသလုံးဝ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် ဒီလို ထပ်ဖြစ်မယ်ဆိုရင်တော့ လူစားလဲပစ်မှာပါ။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တဲ့ ပွဲမျိုးမှာမှ ဒီလို အပြုအမှုမျိုး မြင်တွေ့ရတာက မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့က ခမ်းနားတဲ့ အသင်းကြီး တစ်သင်းဖြစ်လာဖို့အတွက်ဆိုရင် ကျွန်တော်တို့ အများကြီး သင်ယူရပါမယ်။” လို့ သတိပေး ပြောကြားသွားခဲ့ပါတယ်။